Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ

     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကို ယနေ့ နေ့လည် (၁၃:၃၀)တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)နှင့် (၃၇)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
      ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ စက်မှုဝန်ကြီးဌာန၏ လက်ရှိ ပကတိအခြေအနေနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ပြောကြားပြီးနောက်
      (၁) ဝန်ထမ်းများ၏ အရည်အချင်းနှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရန် အစဉ် ကြိုးစားအားထုတ်ကြရန်နှင့် မိမိကျရာလုပ်ငန်းခွင်တွင် တီထွင်ဆန်းသစ်မှုများ၊ စဉ်ဆက်မပြတ်လေ့လာသင်ယူမှုများဖြင့် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အရည်အချင်းနှင့် ရာထူးအလိုက် လူမှန်နေရာမှန်ရှိစေရေး စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
    (၂) ဝန်ထမ်းများ စိတ်လက်ပျော်ရွှင်ကျန်းမာစွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရေး အတွက် မကြာခဏ ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ကျင်းပရာတွင် ဝန်ထမ်းမိသားစုများပါ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း၊
   (၃) လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားဖြောင့်မှန်စွာဖြင့် တာဝန်ကိုကျေပွန်အောင် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ လိုက်နာကျင့်ကြံရမည့် စံတန်ဖိုးများကို အလေးထားလိုက်နာကြရန်နှင့် အဂတိတရားများကင်းရှင်းကြရန်၊
   (၄) မိမိဌာနနှင့် အဖွဲ့အစည်း ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အကြံပြုစာ များ ရေးသားပေးပို့ကြရန်နှင့် ဝန်ကြီးဌာနတိုးတက်ရေး၊ နိုင်ငံတော်တိုးတက်ရေးအတွက် ဆောင်ရွက်ဖွယ်ကိစ္စ အဝဝကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများမှ စိတ်စေတနာ၊ ပညာပြည့်ဝစွာဖြင့် ဝိုင်းဝန်ကြိုးစားအားထုတ်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

Latest News