Burmese

တစ်နှစ်လျှင် ဆေးပြား သန်း ၅၀၀ ထုတ်လုပ်နိုင်မည့် ဆေးပြား၊ ဆေးတောင့် ထုတ်လုပ်မှု အဆောက်အအုံဖွင့်လှစ်

By: 

နေပြည်တော်၊ ဇူလိုင်၂၂
 
     ပြည်သူလူထုအား ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုပေးရာတွင် စစ်မှန်၍ အစွမ်းထိရောက်ပြီး စျေးနှုန်းသက်သာသည့် ဆေးဝါးများတိုးမြှင့်ထုတ်လုပ်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက် မှု ကဏ္ဍတွင် လိုအပ်လျက်ရှိသည့် အဓိကဆေးဝါးများ  ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့သည့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)၏ ဆေးပြား၊ ဆေးတောင့်ထုတ်လုပ်မှု အဆောက်အအုံကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်က ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
     ပြည်သူလုထုအား ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုမြှင့်တင်ပေးရန် ရည်ရွယ်၍ ခေတ်မီဆေးဝါး တိုးမြှင့် ထုတ်လုပ်မှုစီမံကိန်း(New BPI Project) ကို ၂၀၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင်  စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုအဆောက်အအုံနှင့် ခေတ်မီဆေးဝါးသိုလှောင်ရုံအဆောက်အအုံ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် Cephalosporin ပဋိဇီဝထိုးဆေး အဆောက်အအုံနှင့်  Small Volume Parenteral Production Plant တို့ကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
     ယခုထပ်မံဖွင့်လှစ်လိုက်သည့် ဆေးပြား၊ ဆေးထောင့်ထုတ်လုပ်မှုအဆောက်အအုံသစ်မှ ဆေးဝါးအမယ်သစ်များ တီထွင်ထုတ်လုပ်လျက်ရှိပြီးMolphine Tablet ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာအထူးကုဌာနတွင် ကင်ဆာဝေဒနာရှင်များအား  လက်တွေ့စမ်းသပ်ကုသခဲ့ရာ ဆေးအာနိသင် ကောင်းမွန်၍ ဘေးထွက်ဆိုးကျိုးမတွေ့ရှိရဘဲ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၏ တရားဝင်အသိအမှတ်ပြု ဆေးဝါးမှတ်ပုံတင်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
    'BPI စက်ရုံကထုတ်တဲ့ ဆေးဝါးတွေက ကျန်းမာရေးဝန်ကြီးဌာနကို တော်တော်လေးအထောက်အကူပြုပါတယ်။ စက်ရုံကို လှည့်လည်ကြည့်တဲ့အခါ အရည်အသွေးပြည့်မီတဲ့ ဆေးဝါးတွေဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထွက်ရှိသမျှ  ဆေးဝါးအကုန်လုံးနီးပါးဝယ်မယ်။ နောက်ပြီး စျေးနှုန်းကလည်း သက်သာတယ်။ နိုင်ငံခြားကနေဝယ်မယ်ဆိုရင် အချိန်ကြန့်ကြာမှုတွေရှိတယ်။ စက်မှုဝန်ကြီးဌာနနဲ့က အစစအရာရာအဆင်ပြေပါတယ်' ဟု အဆောက်အအုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
     ဆေးပြား၊ ဆေးထောင့်ထုတ်လုပ်မှု အဆောက်အအုံဖွင့်ပွဲအခမ်းအနားအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီး H.E Antonio JM.de souza e silva နှင့် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးကိုကိုအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ချိုနှင့် ဒေါက်တာမြင့်ထွေးတို့က အဆောက်အအုံ ကမ္ပည်းမော်ကွန်းမှတ်တမ်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
 
     ဆေးဝါးစက်ရုံ(အင်းစိန်)အနေဖြင့် ၁၉၅၈ ခုနှစ်မှစ၍ ဆေးပြား၊ ဆေးတောင့်အမျိုးအမျိုး၊ ဆေးဆီ၊ ဆေးရည်အမျိုးအမျိုး၊ ထိုးဆေး၊သွေးကြောသွင်းဆေးရည်အမျိုးအမျိုးနှင့် နိုင်ငံတော်အတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် မြွေဆိပ်ဖြေဆေးကဲ့သို့  အဆိပ်ဖြေကုသဆေးအပြင် အခြားကာကွယ်ဆေးများကို ထုတ်လုပ်လျက်ရှိပြီး လက်ရှိအချိန်တွင် ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဆေးပြား၊ ဆေးရည်၊ ဆေးမှုန့်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်နှင့် ကာကွယ်ကုသဆေး၊ အဆိပ်ဖြေဆေးများ၊ စုစုပေါင်းဆေးအမျိုးအစား ၁၈၀ ကျော်ကို ထုတ်လုပ်ပေးလျက်ရှိသည်။ ယခုဖွင့်လှစ်ခဲ့သည့် ဆေးပြား၊ ဆေးတောင့်ထုတ်လုပ်မှု အဆောက်အအုံကလည်း တစ်နှစ်လျှင် ဆေးပြားစုစုပေါင်း သန်း၅၀၀ ထုတ်လုပ်မှာဖြစ်ကြောင်းနှင့် ဆေးဝါးထုတ်လုပ်မှုစီမံကိန်းများကိုလည်း နှစ်စဉ်တိုးမြှင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Beacon of Industry Journal

Latest News