Burmese

၂၀၁၆-၂၀၁၇ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်း သား/သမီး (၃၉၀)ဦး အောင်မြင်ခဲ့ပြီး ထူးချွန်စွာအောင်မြင်ခဲ့သူ (၁၁၁)ဦး အား ဂုဏ်ပြု

နေပြည်တော်၊ ဇူလိုင် (၇) ရက်
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ (၁၄:ဝဝ)နာရီအချိန်တွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် ၂၀၁၆-၂၀၁၇ ခု ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုသည့် အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
    ပြည်ထောင်စုဝန်ကြီးက ၂၀၁၆-၂၀၁၇ ခု၊ ပညာသင်နှစ်တွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများကို ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ထူးချွန်သည့် ဝန်ထမ်းသား/သမီး မောင်မယ်များအား ဂုဏ်ပြုဆုများချီးမြှင့်ရသည့်ရည်ရွယ်ချက်မှာ ကျောင်းသား/ကျောင်းသူ မျိုးဆက်သစ်များ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုပြီးဂုဏ်ပြုချီးမြှောက်ခြင်းဖြစ်ပြီး ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာအောင်လည်း တိုက်တွန်းနှိုးဆော်ချင်သည့် သဘောဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုလို ဂုဏ်ပြုချီးမြှင့်ခြင်းကို တန်ဖိုးထားနားလည်ပြီး မိမိတို့၏ သား/သမီးများကို ယခုထက်မက ပိုမိုအောင်မြင်အောင်၊ လူတော်လူကောင်းများဖြစ်အောင်၊ မှန်ကန်သည့် လမ်းကြောင်းပေါ် ခြေချနိုင်အောင်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် သားကောင်းသမီး ရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော်တွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးကြောင်း၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းတာဝန် ယူရမည်ဖြစ်၍ မောင်မယ်များအနေဖြင့် ကမ္ဘာနှင့်အဝှမ်း အစစအရာရာ တိုးတက် ပြောင်းလဲနေသည့် နည်းပညာခေတ်ကြီးထဲတွင် ပညာရည်ထူးချွန်ရုံသာမကဘဲ အင်္ဂလိပ်စာ၊ ကွန်ပျူတာစသည့် ဘာသာရပ်များ၊ ခေတ်မီနည်းပညာများကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ကြားစေလိုကြောင်း၊ အစကောင်းမှ အနှောင်းသေချာဆိုသည့်အတိုင်း အသက်မွေးဝမ်းကျောင်းပညာရပ်များကို ငယ်ရွယ်စဉ်ကတည်းက အပတ်တကုတ်ကြိုးစား လေ့လာမှသာ တိုင်းပြည်တာဝန်များကို ပိုမိုကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မောင်မယ်များအနေဖြင့် မိဘ၊ ဆရာသမားများ၏ သွန်သင်ပြသမှုများကို တိတိကျကျလိုက်နာပြီး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ ယခုလို ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ယနေ့ခေတ်၊ ယနေ့ကမ္ဘာသည် တီထွင်ဆန်းသစ်မှု အမျိုးမျိုးတို့ကြောင့် နည်းပညာသစ်များ နေ့စဉ်တိုးတက်ပေါ်ပေါက် နေ၍ အလွန်အပြောင်းအလဲ မြန်သော ကမ္ဘာကြီးဖြစ်နေပါကြောင်း၊ မျိုးဆက်သစ်များ အနေဖြင့် တိုးတက်ပြောင်းလဲမှုနှင့် အတတ်ပညာ၊ နည်းပညာသစ်များကို အမှီလိုက်နိုင် ရန် အစဉ်ကြိုးစားအားထုတ်နေရမှာဖြစ်ပါကြောင်း၊ တိုင်းပြည်တာဝန်များကို ပခုံးပြောင်း တာဝန်ယူမည့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ဆက်လက်သင်ယူမည့် ကဏ္ဍနယ်ပယ် အသီးသီးတွင် စဉ်ဆက်မပြတ် လေ့လာသင်ယူသွားရန် တိုက်တွန်းလိုကြောင်း၊ ထို့အပြင် လေ့လာသင်ယူခြင်းကို တစ်စိုက်မတ်မတ် ဆောင်ရွက်သွားရန် လိုအပ်သလို မိမိတို့ ကိုယ်တိုင်လည်း စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် နိုင်ငံတော်အတွက် အကျိုးရှိမည့် တီထွင်ဆန်းသစ်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မိမိဝါသနာပါရာ လက်တွေ့အသုံးချနိုင်သည့်ပညာရပ်များကို ရွေးချယ်သင်ယူပြီး လုပ်ငန်းခွင်တွင်လည်း သင်ယူခဲ့သည်များကို ပြန်လည်အသုံးပြုစေလိုကြောင်း၊ သင်ကြားရသည့် အတတ်ပညာ ဘာသာရပ်အပေါ် ကိုယ်တိုင်စိတ်ပါဝင်စားမှသာလျှင် ယင်းပညာရပ်၌ ထူးချွန်ထက်မြက်သူဖြစ်လာနိုင်သည့် အတွက် မိဘများအနေဖြင့် သားသမီးများအား လေ့လာသင်ကြားရေးကိစ္စ၌ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ လူငယ်များအနေဖြင့် စိတ်ဝင်စားရာ ပညာရပ်ကို လေ့လာခွင့်ရ၍ နယ်ပယ်အသီးသီး၌ ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာပြီး မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံး အထောက်အပံ့ပြုနိုင်မှာဖြစ်ကြောင်း၊ မိဘများအနေဖြင့် နိုင်ငံတော်က ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင်မြင်စွာ ထမ်းဆောင်ရင်း တစ်ဖက်ကလည်း မိမိတို့၏ သားသမီးများကို ထူးချွန်ထက်မြက်သည့် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းများ ဖြစ်စေမည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်လာအောင် သွန်သင်ဆုံးမပြီး ပြုစုပျိုးထောင်ပေးစေချင်ပါကြောင်း၊ တိုင်းပြည်ဖွံဖြိုးတိုးတက်လာစေရန်အတွက် အားထားရသည့် လူရည်ချွန်များဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူး (၆)ဘာသာဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က (၅)ဘာသာ ဂုဏ်ထူးရရှိသူများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာ ဂုဏ်ထူးရရှိသူများကိုလည်းကောင်း အသီးသီးဂုဏ်ပြုဆုများ ချီးမြှင့်ကြပြီး ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများ ကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မောင်ဟိန်းသန့်ဆွေမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
     ၂၀၁၆-၂၀၁၇ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီး (၃၉၀)ဦး အောင်မြင်ခဲ့ပြီး၊ ၎င်းတို့အနက်မှ (၆)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၃၀)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၄၈)ဦး၊ စုစုပေါင်း (၁၁၁)ဦး ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သည်။
    အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများ၊ ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Latest News