Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အိန္ဒိယနိုင်ငံ၊ အမီဒါဘတ်မြို့၌ ကျင်းပပြုလုပ်သည့် အိန္ဒိယအထည်အလိပ်ကုန်စည်ပြပွဲ ၂၀၁၇ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင် (၄) 
   စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံအစိုးရ၊ အထည်အလိပ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Mrs. Smriti Zubin Irani ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ် ပြည်နယ်၊ အမီဒါဘတ်မြို့တွင် ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင်လ(၂)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် အိန္ဒိယအထည်အလိပ်ကုန်စည်ပြပွဲ ၂၀၁၇ (Textiles India 2017) သို့ တက်ရောက်ခဲ့ပါသည်။
   မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်္ကာပူလေကြောင်းလိုင်းဖြင့် စတင်ထွက်ခွာခဲ့ပြီး စင်္ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ အမီဒါဘတ်မြို့သို့ သွားရောက်ခဲ့ရာ ဒေသစံတော်ချိန် ည(၁၁:၃၀)နာရီအချိန်တွင် Novotel Hotel, Ahmedabad သို့ ရောက်ရှိခဲ့ပါသည်။
   ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၇ ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့ နေ့လည်ပိုင်းတွင် အမီဒါဘတ်မြို့၊ Mahatma Mandir, Main Convention Hall တွင် ကျင်းပပြု လုပ်ခဲ့သည့် Textiles India 2017 စတင်ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။ အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံအစိုးရဝန်ကြီးချုပ် Mr. Narendra Modi, အထည်အလိပ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Mrs. Smriti Zubin Irani, ဂူဂျာရတ်ပြည်နယ်အစိုးရဝန်ကြီးချုပ် Mr. Vijay Rupani နှင့် တာဝန်ရှိသူများက တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ဂူဂျာရတ်ပြည်နယ်ရှိ Charanka Solar Park သို့ သွားရောက်လေ့လာခဲ့ရာ Gujarat Power Corporaion Ltd. မှ Chief Project Officer Mr. Rajendra Mistry နှင့် တာဝန်ရှိသူများက Solar Park နှင့် သက်ဆိုင်သည့် အချက်အလက်များကို အသေးစိတ် ရှင်းလင်းတင်ပြကြပြီး ရှုရပ်မှနေ၍ Solar Park ဧရိယာအား ကြည့်ရှုလေ့လာခဲ့ပါသည်။ ၄င်းနောက် Torrent Power Limited မှ ဆောင်ရွက်လျက်ရှိသည့် 50MW Solar Power Station ၏ Solar Panel များ၊ Inverter Unit များ နှင့် Control Panel များ တပ်ဆင်ထားရှိမှုများကို ကြည့်ရှုလေ့လာခဲ့ပါသည်။ ဂူဂျရတ်ပြည်နယ် (Gujarat) Charanka Solar Park တွင် အိန္ဒိယပြည်တွင်းနှင့် ပြည်ပမှ Developer များက တပ်ဆင် ထားရှိသည့် Station များမှထွက်ရှိ Solar Power စုစုပေါင်း 500 MW ကို National Grid သို့ ပေးပို့လျက်ရှိပြီး နေရောင်ခြည်ကောင်းစွာမရရှိသော မိုးသည်းထန်သည့်နေ့များ တွင်ပင် 50 MW (၁၀% ခန့်) ထွက်ရှိကြောင်းသိရှိရပါသည်။ အဆိုပါ ဆိုလာဓါတ်အား ပေးစက်ရုံတွင် ပုဂ္ဂလိက Developer အဖွဲ့(၂၁)ဖွဲ့မှ အပိုင်းလိုက်ခွဲ၍ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်လျက်ရှိရာ ဈေးနှုန်းချိုသာစွာဖြင့် National Grid ကွန်ယက်စနစ်သို့ ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရှိရပါသည်။
     ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့ နံနက်ပိုင်းတွင် Helipad Ground, Gandhinagar Exhibition Hall No.10 ရှိ Conference Room ၌ ကျင်းပပြုလုပ်ခဲ့သည့် Conference on ASEAN - India Cooperation : Weaving Synergies for Enhancing Trade and Investment in Textiles သို့ အိန္ဒိယနိုင်ငံ အစိုးရ၊ အထည်အလိပ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Mrs. Smriti Zubin Irani နှင့်အတူ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး အထည်အလိပ်လုပ်ငန်းများ၊ Solar ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍဍ တိုးမြှင့်ရေးလုပ်ငန်းများ တွင် ပါဝင်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ဂူဂျာရတ် ပြည်နယ်အစိုးရ၊ Energy & Petrochemicals Department မှ Chief Secretary ဖြစ်သူ Mr. Sujit Gulati နှင့်တွေ့ဆုံ၍ Solar Power Station တည်ဆောက်ရေးနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှ နည်းပညာအကူအညီနှင့် အကြံဉာဏ်များပေးရေး၊ ရင်းနှီး မြှုပ်နှံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင် လ (၂)ရက်နေ့ ညပိုင်းတွင် စင်္ကာပူလေကြောင်းလိုင်းဖြင့် အိန္ဒိယနိုင်ငံ၊ အမီဒါဘတ်မြို့မှ စင်္ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်မှတစ်ဆင့် ပြန်လည်ထွက်ခွာခဲ့ရာ ဇူလိုင်လ (၃)ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Latest News