Burmese

BPI မြွေဆိပ်ဖြေဆေး ပြည်တွင်း၌ပိုလျှံ၍ ပြည်ပသို့တင်ပို့ရန် စီစဉ်နေ

By: 

    BPI ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးများသည် ကျန်းမာရေးဝန်ကြီးဌာနမှ ဝယ်ယူသည့် အရေအတွက်ထက် ပိုလျှံနေသည့်အတွက် ပြည်ပသို့တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း ယင်းစက်ရုံမှ ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာအောင်ဇော်က ပြောသည်။
    ''ကျွန်တော်တို့ရဲ့ ဖြေဆေးတွေကို လာအို၊ ကမ္ဘောဒီးယားစတဲ့ သံရုံးတွေက တဆင့်ပေးပို့ထားပါတယ်။ သူတို့ဆီက မြွေဆိပ်နဲ့ ဖြေကြည့်တဲ့အခါ အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ဆီကို ဆက်သွယ်လာရင် ကျွန်တော်တို့လည်း ရောင်းခွင့်ရပြီပေါ့။ ကျွန်တော်တို့မှာက နှစ်စဉ်ကို တသိန်းလောက်ထုတ်နေတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဝယ်နိုင်တာ ရှစ်သောင်းပဲရှိတယ်။ နှစ်သောင်းလောက်က ပိုနေတယ်။ အဲဒီနှစ်သောင်းလောက်များ ကျွန်တော်တို့က ပြည်ပပို့လို့ရရင် ကျွန်တော်တို့အတွက် နိုင်ငံခြားဝင်ငွေကိုရရှိလာမှာပါ။ အခက်အခဲအတားအဆီးကဘာလဲဆိုတော့ သူတို့ဒေသမှာရှိတဲ့ မြွေက ကျွန်တော်တို့ မြွေဆိပ်ဖြေဆေးနဲ့ ဖြေနိုင်ခြင်းရှိ၊ မရှိကို ပေါ့။ အဲဒါတော့ သူတို့ စမ်းသပ်ရဦးမယ်'' ဟု ၎င်းက ပြောသည်။
    မြွေဆိပ်ဖြေဆေးအား မြင်းသွေးမှ တဆင့်ထုတ်လုပ်ခြင်းဖြစ်ပြီး မြင်းများ၏ သွေးထဲသို့ မြွေဆိပ်များထိုးသွင်းပြီးနောက် မြင်းသွေးအား ပြန်လည်ထုတ်ယူ၍ သွေးရည်ကြည်မှတဆင့် ဖြေဆေးအား အဆင့်ဆင့်ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
    BPI ထုတ် မြွေဆိပ်ဖြေဆေးသည် ထိုင်းနိုင်ငံထုတ် မြွေဆိပ်ဖြေဆေးများထက် အာနိသင်နှစ်ဆ ပိုမိုကောင်းမွန်ပြီး တပုလင်းလျှင် အမေရိကန်ဒေါ်လာ ၃၀ ဝန်းကျင်သာရှိပြီး ထိုင်းနိုင်ငံထုတ်ဆေးထက် ဈေးသက်သာကြောင်း သိရသည်။
    ယခု ဘဏ္ဍာနှစ်အတွင်း ဖြေဆေးထုတ်လုပ်ရန်အတွက် ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေးတို့မှ မြွေပွေး အကောင် ၁၂၀ဝ၊ မြွေဟောက်အကောင် ၈၀ဝ အား ဝယ်ယူလျက်ကြောင်း ဒေါက်တာအောင်ဇော်က ဆက်လက်ပြောသည်။

      

    ''အပြင်ကနေ ဝယ်ယူတာတွေအပြင် နယ်စပ်ဂိတ်တွေမှာ တရုတ်ပြည်ကို ပို့မယ့်မြွေတွေ ဖမ်းမိတယ်ဆိုရင် သစ် တောဦးစီးဌာနက ကျွန်တော်တို့ဆီကို အကြောင်းကြားတယ်။ အဓိက,ကတော့ မြွေကိုက်မှုအများဆုံးဖြစ်တဲ့ နေရာတွေက မြွေတွေကိုဝယ်တယ်။ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်က မြွေတွေကို စုံ အောင်ဝယ်ရတယ်။ ဒေသအသီးသီးကရတဲ့ မြွေအဆိပ်တွေကိုစုပေါင်းပြီး မြင်းသွေးထဲ ထိုးသွင်းရတယ်။ ဒါမှသာလျှင် မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ မြွေဆိပ်တွေကို ဖြေနိုင်မှာပေါ့နော်''ဟု ၎င်းက ပြောသည်။
    မြန်မာနိုင်ငံတွင် နှစ်စဉ်မြွေကိုက်ခံရသူ ဦးရေပျမ်းမျှ ၁၄,ဝ၀ဝ ဝန်းကျင်တွင် ရှိနေပြီး ၎င်းထဲမှ ၇၀ ရာခိုင်နှုန်းသည် အဆိပ်ရှိ မြွေကိုက်ခံရခြင်းဖြစ်ကြောင်းနှင့် အဆိုပါ အဆိပ်ရှိမြွေကိုက်ခံရသူများ၏ ၁၀ ရာခိုင်နှုန်းမှာ အသက်သေဆုံးလျက်ရှိကြောင်း သတင်းရရှိသည်

Latest News