Burmese

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁

    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့ရှိ အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)သို့ ရောက်ရှိစစ်ဆေးသည်။
    ပြည်ထောင်စုဝန်ကြီးသည် စက်ရုံမှထုတ်လုပ်ထားရှိသည့် ဆေးဆိုးပန်းရိုက်ထည်များ အခြေအနေနှင့်စက်ရုံ အတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို PPP ပြုလုပ်မည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့ရှိ ပြည်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများအား စက်ရုံတွင်အသုံးပြုသည့် အထောက်အကူပြုပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်စေရန် လေ့ကျင့်သင်ယူထားရန် လိုကြောင်း၊ စက်မှုလုပ်ငန်းများတွင် ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်အတွက် အလေးထားစစ်ဆေးရန် လိုအပ်ကြောင်း မှာကြားသည်။
    ဆက်လက်၍ ညနေပိုင်းတွင် ပန်းတောင်းမြို့နယ်ရှိ အမှတ်(၁) စက်မှုသင်တန်းကျောင်း(ဆင်တဲ)သို့ ရောက်ရှိ ပြီး အသစ်တည်ဆောက်ပြီးဖြစ်သော သုံးထပ်စာသင်ဆောင် Car Mechatronic Workshop တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂၃)အကြီးစားစက်ရုံ (ညောင်ခြေထောက်)သို့ ရောက်ရှိပြီး Machine Tool Shop, Assembly Shop, P.V.C Cable Manufacturing Shop တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
    ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ရှိ အမှတ်(၃၂) အကြီးစားစက်ရုံ (ကြံခင်း) ဘိလပ်မြေစက်ရုံသို့ ရောက်ရှိပြီး ကျောက်မိုင်းဌာနတွင် ထုံးကျောက်များ ထုတ်လုပ်လျက်ရှိသည့် အခြေအနေ၊ ထုတ်လုပ်ပြီးထုံးကျောက်များ ကြိတ်ခွဲနေသည့် အခြေအနေနှင့် ကုန်ကြမ်းကြိတ်ဌာနတို့ကို လှည့်လည်ကြည့်ရှုသည်။
    ဆက်လက်၍ ပုသိမ်မှန်စက်ရုံသို့ ရောက်ရှိပြီး ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားရှိ မှု၊ စက်ရုံအသစ်တိုးချဲ့မည့် မြေနေရာတို့ကို ကြည့်ရှု စစ်ဆေးပြီး ကုန်သိုလှောင်ရုံများနှင့် ဆိပ်ခံဘောတံတားများကို လုပ်ငန်းတိုးချဲ့နိုင်ရန် အသင့်ပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Latest News