Burmese

နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၂၆

နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

    သတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ တက်ရောက်ကြသည်။

    စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်းများအား ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO)၏ စံသတ်မှတ်ချက်များနှင့် အညီ သတ်မှတ်အပူချိန်၊ စိုထိုင်းဆများအတိုင်း ထိန်းညှိ၍Good Storage Practice (GSP) ဖြင့် ထိန်းသိမ်းပါကြောင်း၊ ဆေးဝါးများထုတ်လုပ်ရာတွင် Good Manufacturing Practice (GMP) စနစ်နှင့်အညီ ထုတ်လုပ်၍ အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို တိတိကျကျချမှတ်ဆောင်ရွက်၍ ကျန်းမာရေး ဝန်ကြီးဌာနအပါအဝင် အခြားသောဝန်ကြီးဌာနများ၏ လိုအပ်ချက်နှင့်အညီ ဆေးရုံများသို့ တိုက်ရိုက်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။

ထုပ်ပိုးမှုပုံစံအသစ်
    ဈေးကွက်အတွင်းရောက်ရှိနေသော ပြည်သူလူထုအတွက် အန္တရာယ်ရှိသည့် BPI အမှတ်တံဆိပ်ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလအတွင်းက ရှာဖွေ၊ စစ်ဆေး၊ အရေးယူမှုများပြုလုပ်ခဲ့ပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော BPI အမှတ်တံဆိပ်ဆေးဝါးများကို အတုအပပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရေးနှင့် ထုပ်ပိုးအရည်အသွေးပိုမိုကောင်းမွန်စေရေးအတွက် ဆေးပြား ၆၉ မျိုး၊ ဆေးမှုန့်တစ်မျိုးနှင့် ထိုးဆေး ၆၄ မျိုးတို့ကို ထုပ်ပိုးမှုပုံစံအသစ်ဖြင့် ပြောင်းလဲ ထုတ်လုပ်ခဲ့ပါကြောင်း။
    ကင်ဆာဝေဒနာရှင်များအတွက် နာကျင်ကိုက်ခဲမှု သက်သာစေသော Morphine Sulfate Syrup နှင့် Morphine Sulfate Tablet တို့ကိုလည်း Stability Test စမ်းသပ်နေပြီး HIV နှင့် Hepatitis B ရောဂါဝေဒနာရှင်များအတွက် ကုသဆေးဖြစ်သည့်Tenofovir (300mg) ဆေးအသစ်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြွေဆိပ်ဖြေဆေး တိုးမြှင့်ထုတ်လုပ်ရေး အဆောက်အအုံကို ၂ဝ၁၆ ခုနှစ် မေ ၂ဝ ရက်တွင် ဆေးဝါးစက်ရုံ(အင်းစိန်)တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။

ဈေးကွက်တွင် ရောင်းချနိုင်ခဲ့
    ဆေးရုံသုံးခုတင်၊ ပရိဘောဂနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများကို Medical Grade နှင့်အညီ စတီးလ်ပစ္စည်းများဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဖြန့်ဖြူးပေးလျက်ရှိပြီး Locker တွဲဆက်ထားသည့် ဆေးရုံသုံးခုတင်နှင့် Medicine Cupboard တို့ကို စမ်းသပ်ထုတ်လုပ်လျက်ရှိပါကြောင်း၊ လယ်ယာသုံးစက်နှင့် စက်ကိရိယာပစ္စည်းများကို တောင်သူများ၏ လိုအပ်ချက်နှင့်အညီ တီထွင်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ဇွဲ လယ်ထွန်စက်များ၏ Hydraulic System နှင့် Clutch ပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲခြင်း၊ ဧရာ (၁) လက်တွန်းထွန်စက်၊ စပါးခြွေလှေ့စက်နှင့် ဆန်စက်ငယ်များအား စွမ်းဆောင်မှု ပိုမိုရရှိစေရန် ပြုလုပ်တီထွင်မှုများ ပြုလုပ်ပြီး ဈေးကွက်တွင် ရောင်းချနိုင်ခဲ့ပါကြောင်း။
    နိုင်ငံပိုင်စက်ရုံများအား ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်၍ နည်းပညာနှင့် အရင်းအနှီးများ ထပ်မံထည့်ဝင်စေပြီး ပုဂ္ဂလိက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် စက်ရုံပေါင်း ၁၁၈ ရုံ ရှိသည့်အနက် စက်ရုံ ၅၉ ရုံအား ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
    SME များအား ငွေကြေးအရင်းအနှီးရရှိစေရန် ပံ့ပိုးပေးနိုင်ရေးအတွက် နိုင်ငံတော်၏ ချေးငွေဖြင့် လုပ်ငန်းရှင် ၄၅၆ ဦးနှင့် ဂျပန်နိုင်ငံ၏Two Step Lone ချေးငွေဖြင့် လုပ်ငန်းရှင် ၁၈၉ ဦးတို့အား ချေးငွေ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ဗဟိုဘဏ်ဥပဒေအရ ချေးငွေကာလမှာ တစ်နှစ်ဖြစ်သော်လည်း နိုင်ငံတော်အထူးချေးငွေ၊ ဂျပန်နိုင်ငံ၏Two Step Loan ချေးငွေတို့ဖြင့် ငါးနှစ်ကာလအထိ ထုတ်ချေးပေးနိုင်ခဲ့ပြီး လုပ်ငန်းရှင်များ၏ ရင်းနှီးလည်ပတ်မှု အားကောင်းလာစေရန် ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း။

လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး
    လုပ်ငန်းရှင် ၆၄၈ ဦးကို ချေးငွေရရှိရေးအတွက် ထောက်ခံချက်ပေးပြီး ဖြစ်ပါကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် CB ဘဏ်တစ်ခုတည်းသာCGI စနစ်ကို စတင်ကျင့်သုံးခဲ့ သော်လည်း KBZ Bank နှင့်SMIDB ဘဏ်တို့မှ CGI စနစ်အား ကျင့်သုံးလိုသဖြင့် တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံ KASIKORN BANK မှလည်း မြန်မာနိုင်ငံ၏SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါကြောင်း ပြောကြားသည်။

    ထို့နောက် သတင်းထောက်များ၏ မေးမြန်းချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြေကြားကြသည်။

ဆေးဝါးထုတ်လုပ်နေမှု

    BPI ဆေးဝါးစက်ရုံမှ ကင်ဆာဝေဒနာရှင်များအတွက် နာကျင်ကိုက်ခဲမှု သက်သာသည့် ဆေးဝါးထုတ်လုပ်နေမှု အခြေအနေနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ကင်ဆာဝေဒနာရှင်များအတွက် နာကျင်ကိုက်ခဲမှု သက်သာစေရန် ဆေးဝါးထုတ်လုပ်ရာ၌ မော်ဖင်းနှင့် ကိုဒင်းတို့ ပါဝင်ပါကြောင်း၊ လိုအပ်သည့် မော်ဖင်းအား ပြည်ပမှ ဝယ်ယူတင်သွင်းပါကြောင်း၊ ကိုဒင်း အတွက် လိုအပ်သည့် ဘိန်းစိမ်းကီလို ၆၅ဝဝ ဂရမ်ရရှိရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး တောင်းခံထားပါကြောင်း၊ ရရှိပါက ဘိန်းစိမ်းမှ ကိုဒင်းဖော့စဖိတ် ထုတ်လုပ်မည်ဖြစ်ပါကြောင်း၊ မော်ဖင်းမှ မော်ဖင်းဆေးတောင့် ထုတ်ယူမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဆေးဝါးများကို ဆေးဝါးဖော်စပ်ပုံနည်းပညာအသစ်ဖြင့် သုတေသနပြု ထုတ်လုပ်ထားခြင်းဖြစ်ပြီး ပြည်တွင်း၌ ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ခုခံအားကျဆင်းမှုရောဂါနှင့်Hepatitis B ရောဂါ များအတွက် ကုသဆေးဖြစ်သည့်Tenofovir (300 mg) အတွက် ဆေးဝါးထုတ်လုပ်မှုနည်းပညာကို အိန္ဒိယနိုင်ငံမှ ဝယ်ယူ၍ ဆေးဝါးစက်ရုံ (ရန်ကုန်)၌ စမ်းသပ်ထုတ်လုပ်နေပါကြောင်း၊ FDA လိုင်စင်ရရှိအောင် ဆောင်ရွက်နေပြီး ဈေးကွက်အတွင်း ဆက်လက်ရောင်းချနိုင်အောင်စီစဉ်နေပါကြောင်း၊ BPI ဆေးဝါးများ ထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်မှု၊ လုံခြုံစိတ်ချရမှုနှင့် အာနိသင်ရှိရမည် ဟူသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေပါကြောင်း ဖြေကြားသည်။

မှန်စားပွဲ ထုတ်လုပ်နေမှု
    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒီဇိုင်းရေးဆွဲပေးသည့် မြန်မာမှုလက်ရာ ယွန်း၊ ကနုတ်၊ ပန်းပု တို့ဖြင့် ပေါင်းစပ်ထားသည့် မှန်စားပွဲ ထုတ်လုပ်နေမှုနှင့်စပ်လျဉ်း ၍ ဖြေကြားရာတွင် မှန် အခြေပြု၍ ယွန်း၊ ကနုတ်ဖြင့် မှန်စားပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒီဇိုင်းရေးဆွဲပြီး အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းရှိ မှန်စက်ရုံ (ကျောက်ဆည်)က ထုတ်လုပ်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့ လက်မှုပညာကို ဈေးကွက်ရရှိရေး၊ အဆင့်မြင့်မှန်များကို အသုံးချရေးနှင့် ရောင်းချနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေပါကြောင်း၊ အဆိုပါ ရည်ရွယ်ချက်များဖြင့် စမ်းသပ်ထုတ်လုပ်ရောင်းချနေရာတွင် ခြောက်လအတွင်း စားပွဲခုံ ၂ဝ ရောင်းချခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ မှန်စားပွဲများကို ဒီဇိုင်းပေါ် မူတည်၍ ငွေကျပ်တစ်သိန်းမှ နှစ်သိန်းဝန်းကျင်အထိရှိပြီး ဝယ်လိုအား လိုအပ်ချက်ပေါ် မူတည်၍ ဆက်လက်ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ပါကြောင်း ဖြေကြားကြသည်။

Source: The Mirror Daily

Latest News