Burmese

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာ(ပြင်ဆင်ဖြည့်စွက်ချက်)နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခြင်း

By: 

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ ပြည်သူ့လွှတ်တော်ဥက္ကဌကြီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဦးစွာပထမ ဂါရဝ ပြုနှုတ်ဆက်အပ်ပါတယ်။

စက်မှုဝန်ကြီးဌာနမှာ မူလကစက်ရုံပေါင်း (၁၁၈)ရုံရှိခဲ့သည့်ရာမှ ပုဂ္ဂလိက စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ဘတ်ဂျက်ကို ပြည်သူလူထုအတွက် လက်ငင်းအကျိုးရှိထိရောက်တဲ့နေရာတွေမှာ အသုံးပြုနိုင်ရေးတို့အတွက် စက်ရုံ (၅၉)ရုံကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။ ပြည်ထောင်စု လွှတ်တော်၌ ဥပဒေကြမ်းပူးပေါင်းကော်မတီက တင်သွင်းခဲ့တဲ့ လေ့လာ တွေ့ရှိချက် အစီရင်ခံစာမှာ စက်မှုဝန်ကြီးဌာန၏ စက်ရုံများအနက် စက်ရုံ(၃၉) ရုံ နှင့် စပ်လျဉ်းပြီး

(၁)       လတ်တလော ယာယီရပ်ဆိုင်း၍ လေ့လာရေးသုံးသပ်ရေးကော်မတီ ဖွဲ့စည်းပြီး မည်ကဲ့သို့ဆက်လက်ဆောင်ရွက်သင့်သည်ကို လေ့လာသုံး သပ်သင့် သည့် စက်ရုံ (၃၄)ရုံ

( ၂)      ပြည်တွင်းပြည်ပမှ နည်းပညာနှင့်အရင်းအနှီးများ ဖိတ်ခေါ်၍ နိုင်ငံတော် နှင့် အကျိုးတူဆောင်ရွက်သင့်သည့် စက်ရုံ (၄)ရုံ နှင့်

(၃)       ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြပ်မတ်၍ ဆက်လက်လုပ်ကိုင်သင့်သည့် လုပ်ငန်း(၁)ခုအဖြစ် ဖော်ထုတ်သုံးသပ်ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။

အခြေအနေအားလုံးအပေါ် ခြုံငုံသုံးသပ်ကြည့်ရာ ယေဘုယျအားဖြင့် သဘာဝကျသည်ဟုလေ့လာသုံးသပ်နိုင်ပါတယ်။ နိုင်ငံတော်အတွက် ဝန်ထုပ် ဝန်ပိုးအဖြစ် နှစ်အတန်ကြာဖြစ်ပေါ်နေသော စက်ရုံများအား စနစ်တကျပြန်လည် သုံးသပ်နိုင်ရေးအတွက် ယာယီရပ်ဆိုင်းရန်အကြံပြုချက်မှာယနေ့ဈေးကွက်စီးပွား ရေးစနစ်နှင့်အညီ နိုင်ငံတော်၏ ကန့်သတ်ဘဏ္ဍာငွေများကို မလိုအပ်သောရင်းနှီး မြှုပ်နှံခြင်းမှကာကွယ်ရန် သဘာဝကျသော်လည်း၊ အချို့သောတင်ပြချက်များ အပေါ်တွင်မူ ဘဏ္ဍာရေးရှုထောင့်တစ်ခုတည်းမှသုံးသပ်၍ အလျင်စလို ဆုံးဖြတ် ချက်ချခဲ့ပါလျှင် နိုင်ငံတော်၏ တန်ဖိုးမဖြတ်နိုင်သော ရင်းနှီးမြှုပ်နှံထားရှိမှုများ သည် လုံးဝပြန်လည်၍ အဖတ်မဆည်နိုင်တော့သည့်အပြင် နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကိုပါရှောင် လွှဲ၍မရပါ၍ လတ်တလောအကျိုးကိုသာရှေ့ရှုခဲ့ပါလျှင် အဟောသိကံဖြစ်ရ တော့မှာ သေချာပေါက်ဖြစ်နေပါတယ်။

ဆိုလိုတာကတော့စက်ရုံများကို ရပ်ဆိုင်းရန် စီစဉ်ခြင်းသည် အဓိကအဖြေ မဟုတ်ပါ။ အမြန်ဆုံးအချိန်မီပြန်လည်သုံးသပ်ရန် လိုအပ်နေပါတယ်။ ရွှေ့လျား နေသောယာဉ်ကို ရုတ်ချည်းရပ်တန့် (Dead Stop) ဖမ်းလိုက်ပါက တည်ငြိမ်မှု ပျက်ပြားတတ်သည်မှာ အများသိကြပြီး သဘာဝတရားတစ်ခု ဖြစ်ပါတယ်။ နိုင်ငံ တော်နှင့်ပြည်သူလူထုအတွက် ရေရှည်အကျိုးစီးပွားဖော်ဆောင်ရန် ဝိုင်းဝန်းသုံး သပ်၍ တန်ဖိုးရှိသော အမွေအနှစ်များကို အသုံးချရန်ဖြစ်ပါတယ်။ တန်ဖိုးရှိနေ သော်လည်း ယခင်က အခြေအနေမပေးသဖြင့် ရလဒ်ကောင်းများဖော်ထုတ်ရန် အခွင့်မသာ၊ အုပ်ချုပ်မှု စီမံမှုများကလည်း အားနည်းချက်များရှိခဲ့၍ နှစ်ရှည်လများအရှုံးဆက် တိုက်ဖြစ်နေသည်မှာ ယနေ့အထိပင် ဖြစ်ပါတယ်။

ဒီနေရာမှာ ယခုအစိုးရသစ်ကာလမှာ ရဲဝံ့ပြတ်သားစွာ လက်တွေ့ကျကျပြန် လည်သုံးသပ်ရန်လိုနေပြီး ဓမ္မဓိဌာန်ကျစွာစီစဉ်၍ ရှေ့ဆက်ဆောင်ရွက်သင့်သည့် စက်ရုံများကို ဖော်ထုတ်ရန် လိုအပ်နေပါတယ်။  သို့ဖြစ်၍ အဆိုပါစက်ရုံများနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနအနေဖြင့်ဆောင်ရွက်ထားရှိမှုများကို တင်ပြသွားမှာ ဖြစ်ပါတယ်။

(၁)       လတ်တလောရပ်ဆိုင်းသင့်သည့် စက်ရုံ(၃၄)ရုံအနက် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ စက်ရုံ(၅)ရုံပါရှိနေပါတယ်၊ ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် Expression of Interest (EoI) ခေါ်ယူစိစစ်နေတဲ့ စက်ရုံ(၁၀)ရုံ လတ်တလောရပ်ဆိုင်းထားပြီး ပြန်လည်လေ့လာ သုံးသပ်သင့်တဲ့စက်ရုံ(၁၄)ရုံ၊ ဆက်လက်ဆောင် ရွက်ရန်သင့်သည့် စက်ရုံ(၂)ရုံနှင့် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေ မရှိသည့်အတွက် ပိတ်သိမ်းသွားနိုင်မည့် စက်ရုံ(၃)ရုံ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

(၂)       ပြည်တွင်းပြည်ပမှ နည်းပညာနှင့်အရင်းအနှီးများ ဖိတ်ခေါ်၍ နိုင်ငံတော်နှင့် အကျိုးတူဆောင်ရွက်သင့်ကြောင်းသုံးသပ်ထားသည့် စက်ရုံ(၄)ရုံအနက် စက်ရုံ(၃)ရုံမှာပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဖြစ်နေသည့်စက်ရုံများဖြစ်ပါတယ်။ အမှတ်(၇)အထည် စက်ရုံ (ဝမ်းတွင်း)မှာလည်း ပုဂ္ဂလိနှင့်ပူးပေါင်းဆောင်ရွက်ရန် စီစဉ် ဆောင်ရွက်နေပါတယ်။

(၃)       ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြပ်မတ်၍ဆက်လက် လုပ်ကိုင်သင့် ကြောင်းသုံးသပ်ထားသည့် မြင်းနှင့်သိုးမွေးမြူရေးစခန်းများကို မြွေဆိပ်ဖြေဆေးများထုတ်လုပ်နိုင်ရေးအတွက် မရှိမဖြစ် ဆက်လက် ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။

            ကိုယ်စားလှယ်တော်ကြီးများအထူးဆွေးနွေးခဲ့တဲ့ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့်အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တို့နှင့်စပ်လျဉ်း၍ အနည်းငယ်ရှင်းလင်းတင် ပြလိုပါတယ်။

တင်ပြပါပုံကတော့ မြင်းခြံသံမဏိစက်ရုံရဲ့ တစ်နှစ်လျှင် တန်ချိန် နှစ်သိန်း ကျ မီးဖို(၂)လုံး လည်ပတ်ရန် နည်းစဉ် Process ဖြစ်ပါတယ်။ ယခင် က ကမ္ဘာ့ သံမဏိဈေးကွက်တွင် သံမဏိဈေးများကျဆင်းခဲ့ပြီး မိမိတို့၏ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာလည်း မြင့်မားခဲ့၍ ဈေးကွက်တွင် မယှဉ်ပြိုင်နိုင်ခဲ့ပါ။ ထွက်ရှိတဲ့ သံမဏိများဟာလည်း လူသုံးကုန် သံမဏိအဆင့်မရောက်ရှိသေးသော Semi-finish Billet နှင့် Slab (သံတုံး၊ သံခဲ၊ သံပြားအထူများသာဖြစ်လို့ နောက် တစ်ဆင့် ဈေးကွက်ဝင်သံပြား၊ သံလုံး၊ သံချောင်းများဖြစ်ဖို့ ကြိတ်ရန် Rolling Process ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် Value-added လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မှသာလျှင် ဈေးကွက်ဝင် သံမဏိများ အဖြစ်ထုတ်လုပ် ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဒါကလည်း Phase 2 နှင့် 2A ပါ စက်များကို အချောသတ်လုပ်ငန်းများအဖြစ် Finishing ပြုလုပ်ပြီး တန်ဖိုးမြှင့် သံမဏိများ ထုတ်လုပ်ရန် လိုအပ်ပါတယ်။

ဒါတွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ပြည်ပမှ အတွေ့အကြုံရှိပြီး ထိပ်တန်းသံမဏိကြီး(၉)ခုကို ဖိတ်ခေါ် ဆွေးနွေးပြီးနောက် စံနစ်တကျစိစစ်ခဲ့ရာမှာ Global Steel Holding Company ကို ပဏာမ ရွေးချယ်ပြီးဖြစ်ပါတယ်။ ၄င်း ကုမ္ပဏီမှာ သံမဏိများကို ထုတ်လုပ်မှုလုပ်ငန်းမှအစပြု၍ ဖြန့်ဖြူးရောင်းချနိုင်ပြီး Marketing လုပ်ငန်းများ ကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါတယ်။ အသေးစိတ် Road Map ကိုရေးဆွဲပြီး ဖြစ်၍ အစိုးရအဖွဲ့သို့ အမြန်ဆုံးတင်ပြရန် ဆောင်ရွက်လျက်ရှိပါတယ်။

            တစ်နှစ်လျှင် သံမဏိတန်ချိန် မူလ (၄)သိန်းမှ သိန်း (၂၀)ကျော်အထိ ထွက်ရှိနိုင်ရန် အဆိုပါကုမ္ပဏီမှ ထပ်မံရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့သံမဏိ လိုအပ်ချက်ဟာ လူတစ်ဦးကို 45 Kg ခန့်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာခန့်ဆိုလျှင် တန်ချိန် (၂၁)သိန်းကျော်ရှိမှာဖြစ်လို့ ဈေးကွက်လိုအပ် ချက်ရှိနေတဲ့လုပ်ငန်းကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး နိုင်ငံခြားငွေများစွာသက် သာ သွားမှာဖြစ်ပါတယ်။

တစ်ဖန် ပင်းပက် စက်ရုံအတွက်တင်ပြရလျှင် စက်ရုံ၏ထုတ်လုပ်မှုနည်းစဉ် မှာ Isothermic Reaction ခေါ်တဲ့အပူဓါတ်ပြုခြင်းဖြစ်ပြီး စတင်လည်ပတ်ချိန် မှာသာ စွမ်းအင်လိုအပ်ချက်မြင့်မားပြီး ၊ လည်ပတ်ပြီးနောက်ပိုင်းမှာ ပိုလျှံ အပူဓါတ်များမှ လျှပ်စစ်ဓါတ်အားကို Waste Heat Generator များမှတစ်ဆင့် 40 MW အထိထုတ်လုပ်ပေးနိုင်မှာဖြစ်လို့ စက်ရုံသုံး 25 MW ကိုဖယ်လိုက်ပါက 15 MW ပိုလျှံနေတာကို National Grid သို့ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ လောလောဆယ် စီမံကိန်းကို လက်စသတ်လျက်ရှိပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် လည်ပတ်နိုင်ရန် စီစဉ်ထားပါတယ်။

ပညာရှင်များပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် စနစ်တကျစစ်ဆေးပြီး သင့်လျော် သော နည်းလမ်းရှာဖွေ၍ ဆုံးဖြတ်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။

ပင်းပက်ဒေသတွင် ထွက်ရှိသော သံရိုင်းကျောက်များမှာ သက်နုကျောက် များ ဖြစ်၍ သာမန် သံရိုင်းထုတ်လုပ်သည့်နည်းစဉ်ကို အသုံးပြု၍မရဘဲ Romelt နည်းစဉ်ဟုခေါ်သည့် ရုရှနိုင်ငံတွင် လက်တွေ့အောင်မြင်စွာအသုံးပြုနေ သော နည်းစဉ်ကို မြန်မာနိုင်ငံ၏ သက်တမ်းနုကျောက်မီးသွေးများဖြင့် ထုတ်လုပ် နိုင်ရန် စီမံကိန်းချမှတ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ယခုနည်းစဉ်ဟာ ကမ္ဘာ့ ပထမဆုံး စီးပွားဖြစ်ထုတ်လုပ်မည့် Pig Iron ထုတ်လုပ်မည့်နည်းစဉ်ဖြစ်ပြီး မူလ ရုရှနိုင်ငံတွင် ပင်းပက်စက်ရုံထက် ထုတ်လုပ်နိုင်မှု နည်းသော စက်ရုံမှာ ၁၀ နှစ် ကျော်ကြာလည်ပတ်နေပြီဖြစ်၍ အောင်မြင်မည့်နည်းစဉ်ဖြစ်ပါတယ်။

PPP ဆောင်ရွက်မည့် Global Steel Company က ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တာဝန်ယူမှာ ဖြစ်သည့်အပြင် စက်ရုံအနီးတွင် Steel Pellet ထုတ်လုပ် သည့် Pelletizing Plant ကိုပါထည့်သွင်းတည်ဆောက်ဖို့ စီစဉ်နေ ပါတယ်။ မြင်းခြံစက်ရုံအတွက် ကုန်ကြမ်းအပြင် SME လုပ်ငန်းငယ်လေးများ အတွက်ပါ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်လျက်ရှိနေပါ တယ်။

အဆိုပါကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရန်ဆောင်ရွက်လျှက်ရှိရာမှာ ပထမ အစပိုင်း ရက်(၁၀၀)အတွင်း မြင်းခြံရှိ သံမဏိ မီးဖို(၂)လုံးကို စွမ်းအားပြည့် ထုတ် လုပ်နိုင်ရန် ဆောင်ရွက်ခြင်း၊ အချောသတ် Rolling Mill များကို ပြီးစီးအောင် ဆောင်ရွက်၍ တန်ဖိုးမြှင့် သံမဏိထုတ်ကုန်များထုတ်လုပ်ခြင်း၊ မီးဖိုများ၏ Capacity ကို ထပ်တိုးခြင်း၊ Pelletizing Plant နှင့် Waste Heat Generator များကို ပြီးစီးအောင်ဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ထပ်မံရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေများထပ်မံကုန်ကျခံရန် မလိုအပ်ပါကြောင်း ထပ်လောင်း တင်ပြလိုပါတယ်။

            အမှတ်(၂၂)အကြီးစားစက်ရုံ၊ တာယာစက်ရုံ(ဘီးလင်း)အနေနဲ့ကတော့ ၁၇.၇.၂၀၁၄ ရက်နေ့တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၁၄)၏ သဘောတူညီချက်အရ ပုဂ္ဂလိကနဲ့  ၁-၁၁-၂၀၁၄ မှ စတင်၍ ပုဂ္ဂလိကသို့ငှားရမ်းထားပြီး  ၁၁-၆-၂၀၁၅ ရက်နေ့မှစတင်ကာ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တစ်နှစ် လျှင် ၃၈၅.၇ သန်းဖြင့် နှစ်ရှည်ငှားရမ်းထားသောစက်ရုံဖြစ်ပါသည်။ ထပ်မံလို အပ်သည့် ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်ထုတ်လုပ်မှုများကို ပုဂ္ဂလိက အစီအစဉ်ဖြင့် ဆောင်ရွက်နေသော်လည်း အဆိုပါ စက်ရုံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချေးငွေအမေရိကန်ဒေါ်လာ ၂၉.၇ သန်း ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပါသဖြင့် အရင်းနှင့်အတိုးငွေများကို ၂၀၁၄ ခုနှစ်မှစတင်၍ ၂၀၂၃ ခုနှစ်အထိနှစ်စဉ် ဘတ်ဂျက်တွင်လျာထားပြီး နိုင်ငံတော်မှ ကျခံ၍ပေးဆပ် ရမည်ဖြစ်ပါသည်။

            အမှတ်(၄)အထည်စက်ရုံ(ပွင့်ဖြူ)တွင် ဈေးကွက်ဝင်အနံကြီးပိတ်များထုတ် လုပ်နိုင်ရန် ယက်ကန်းစက်များအား တီထွင်ပြုပြင်ဆောင်ရွက်ထားပြီးဖြစ်ပြီး ယက်ကန်းစက် (၅၀)စင်အား ကုန်ထုတ်လုပ်မှုလိုင်းတွင် တည်နေရာချတည် ဆောက်ဆဲဖြစ်၍ စက်ရုံအား နိုင်ငံတော်မှ ဆက်လက်ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြအပ်ပါသည်။

            အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)တွင် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ အတွက်လိုအပ်သည့် ခွဲစိတ်ခန်းသုံးပစ္စည်းအမျိုးမျိုး၊ ဆေးရုံးသုံးကုတင်နှင့် ပရိဘောဂအမျိုးမျိုး၊ ပလတ်စတစ်ပစ္စည်းအမျိုးမျိုးတို့ကို ထုတ်လုပ်ပေးလျက်ရှိ ပြီး စီးပွားရေးအရတွက်ချေကိုက်မှုရှိပြီး အမြတ်များစတင်ရရှိလာပြီဖြစ်ပါသဖြင့် နိုင်ငံတော်မှ ဆက်လက်ဆောင်ရွက်ခွင့်ပြုပါရန်တင်ပြအပ်ပါသည်။ ပုံတွင်အကျိုး ရလဒ်ကောင်းများပေါ်ပေါက်နေသည့် Positive Increasing Curve အဖြစ်မြင် တွေ့ရမှာဖြစ်ပါတယ်။

           

စက်မှုဝန်ကြီးဌာနသည် မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုကို သြစတြေးလျနိုင်ငံ နှင့်ဘရာဇီးလ်ပြည်သူ့သမ္မတ နိုင်ငံများမှကမ္ဘာ့အဆင့်မီ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး ဝန်ထမ်းများကို လည်း ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့တွင် အဆင့်မြင့် သင်တန်းများစေလွှတ်ခဲ့ပြီးဖြစ်ပါတယ်။

            စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးများသည် နိုင်ငံတကာ အဆင့်မီထုတ်လုပ်ထားခြင်းဖြစ်ပါသဖြင့် ပြည်သူများ ယုံကြည်စိတ်ချစွာသုံးစွဲ နိုင်ပါကြောင်းနှင့် နိုင်ငံတော်တွင် လိုအပ်သည့် အရေအတွက်ကိုလည်း ပြည့်မီ အောင်ထုတ်လုပ်နိုင်ပြီ ဖြစ်ပါသဖြင့် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန် လိုအပ်သည့် သွေးရည်ကြည်များထုတ်လုပ်ပေးနိုင်မည့် မြင်းနှင့်သိုးမွေးမြူရေးလုပ်ငန်းများ အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်။

စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီးပွားရေးမူဝါဒနှင့်အညီ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများအောင်မြင်မှုရရှိစေရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုမြှင့်တင်ရေးအတွက်နည်းပညာ၊ အတတ် ပညာနှင့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ပူးပေါင်း ဆောင်ရွက်ရေးတို့အား ဆောင်ရွက်လျက်ရှိရာ စက်ရုံအချို့မှာအောင်မြင်မှုရရှိနေပြီဖြစ်ပါသည်။ (ဥပမာ နိုင်ငံပိုင်ဆေးဝါးစက်ရုံများ၊ ပုဂ္ဂလိကနှင့်အကျိုးတူ ဘိလပ်မြေ စက်ရုံ(ကျောက် ဆည်)။

စက်မှုလုပ်ငန်းများ၏သဘောသဘာဝမှာ အချိန်ယူဆောင်ရွက်ရမည့် သဘောသဘာဝရှိသည့်အတွက် နှစ်လများစွာ ယိုယွင်းနေမှုများကို သွက်သွက် လက်လက် ထိမိရဲရင့်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အချိန်ကာလ အနည်းငယ် လိုနေပါသေးတယ်။ စိတ်ရှည်ရန်လည်းလိုအပ်ပါတယ်။ အခု ရေတွင်းတူး၊ အခုရေကြည် သောက်ဆိုသကဲ့သို့ ချက်ခြင်း မဖြစ်နိုင်သော်လည်း ကာလ ကြာမြင့်စွာ အချိန် ဆွဲ၍လည်း မဖြစ်နိုင်ပါ။ မိမိတို့၏ မရင့်ကျက်သေးသော စက်မှုကဏ္ဍကို အတွေ့ အကြုံရင့်ကျက်ပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် နိုင်ငံတကာမှအဖွဲ့အစည်းများ၊ ပညာရှင်များနှင့်ပူးပေါင်းပြီးလမ်းကြောင်းမှန်ပေါ် မှာ တွန်းအား အပြည့်ဖြင့် ရဲရဲဝင့်ဝင့် လုပ်ဆောင်ကြရတော့မှာဖြစ်ပါတယ်။ ယခုကာလဟာ မူလလမ်းအိုလမ်းဟောင်းပေါ်မှ လမ်းကြောင်းအသစ် အမှန် အပေါ် ရဲဝံ့စွာတက်ပြီး ပွင့်လင်းမြင်သာတဲ့ ပုဂ္ဂလိကကဏ္ဍစတင်ပြီး ပါဝင် ပူးပေါင်းလာကာစ အစပျိုးကာလဘဲဖြစ်လို့ အရှိန်အဟုန်မြှင့်တင်ရန်အချိန် အနည်းငယ်လိုအပ်နေပါသေးတယ်။ အဖွဲ့စုံနဲ့ထိန်းသိမ်းစိစစ်ပြီး စိတ်ရှည်ကြရန် သာလိုအပ်ပါကြောင်း တင်ပြ လို ပါတယ်။

ဒီနေရာမှာ သမရိုးကျလမ်းကြောင်းပေါ်မှာ ပုံမှန်လျှောက်လှမ်းနေ၍ မရ တော့ဘဲ လမ်းကြောင်းအသစ်ပေါ်မှာ ရဲဝံ့ပြတ်သားစွာနဲ့ အရှိန်အဟုန်ပြင်းပြင်း ချီတက်ကြရတော့မှာပါ။ ကြိုတင်တွက်ဆထားတဲ့ စွန့်စားမှုမျိုးတွေ (Calculated Risk) တွေကို အချို့ကဏ္ဍတွေမှာ သတ္တိရှိရှိတွက်ဆပြီး ရှေ့တိုးဆောင်ရွက်ကြရ တော့မှာပါ။ နည်းပညာ အမြော်အမြင်၊ အတွေ့အကြုံ၊ မှန်ကန်ရိုးသားသော ပူးပေါင်း ဆောင်ရွက်မှုများနဲ့ လူစွမ်းအားအရင်းအမြစ်သည်သာလျှင် အဓိက ကျပါတယ်။

မော်တော်ယာဉ်စီး၍ ခရီးသွားခြင်းသည် လေယာဉ်ပျံစီးခြင်းထက် အန္တရာယ်ပိုနည်းသော်လည်း စိုးရိမ်စိတ်ကြောင့် စီးနင်းရမှာ မဝံ့မရဲ ဖြစ်နေတက် ပါတယ်။ သို့သော်လည်း စိုးရိမ်စိတ်ကို ပယ်ဖျောက်၍ စိတ်ချလက်ချ စီးနင်း နိုင်ကြတာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် စက်မှုဝန်ကြီးဌာနနှင့်အတူ ပြည်သူများအနေဖြင့် ရှောင်လွှဲ၍မရသည့် စိန်ခေါ်မှုများကို အတတ်ပညာ၊ အသိပညာတို့ဖြင့် သတ္တိ ရှိရှိ နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ရင်ဆိုင်ကျော်လွှားပြီး၊ အောင်မြင်မှုအကျိုး ရလဒ်ကောင်းများ ရရှိထွက်ပေါ်လာသည်အထိရဲရဲဝံ့ဝံ့ ပူးပေါင်း ဆောင်ရွက်ကြ ရမည့် အချိန်ဖြစ်ဖြစ်ပါကြောင်းတင်ပြလိုပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Latest News