Burmese

စေတုတ္တရာမြို့၌ စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းဖွင့်

By: 

စေတုတ္တရာ ဖေဖော်ဝါရီ ၂၇

    လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးတို့အတွက် ရည်ရွယ်၍ မင်းဘူးခရိုင် စေတုတ္တရာ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်၈နာရီက ကျင်းပခဲ့သည်။
    အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ)ကျောင်းအုပ်ကြီး ဦးရဲထွဋ်ဇော်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
    အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ကာ စေတုတ္တရာမြို့နယ် အတွင်းမှ သင်တန်းသား ၃၆ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မတ် ၁၂ ရက်အထိဖြစ်ကြောင်း သိရသည်။

ဖိုးပြည့်(ပြန်။ဆက်)

Latest News