Burmese

ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဆေးဝါးအမျိုးပေါင်း ၁၈၀ ထုတ်လုပ်ပေးနိုင်ပြီ

By: 

ရန်ကုန် ဖေဖော်ဝါရီ ၄
    ဆေးဝါးစက်ရုံ(အင်းစိန်) (ယခင် ဘီပီအိုင်) မှ ပြည်သူများ၏ ကျန်းမာရေးရှေးရှုကာ ဆေးဝါး အမျိုးပေါင်း ၁၈၀ အထိ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း ဒုတိယစက်ရုံမှူး ဦးဝင်းဌေးက ပြောသည်။
    "ကျွန်တော်တို့ ဆေးဝါးစက်ရုံ(အင်းစိန်)ဟာ နိုင်ငံပိုင် ဆေးဝါးစက်ရုံဖြစ်ပါတယ်။ ယခင် ဘီပီအိုင်ဆေးဝါး စက်ရုံဖြစ်ပြီး ယနေအချိန်မှာ  ပြည်သူများရဲ့ ကျန်းမာရေးလိုအပ်ချက်အရ ဆေးဝါးအမျိုးပေါင်း ၁၈၀ အထိတိုးမြှင့်ထုတ်လုပ်ပေးနိုင်ပြီ ဖြစ်ပါတယ်" ဟု ၎င်းက နိုင်ငံတကာ နည်းပညာပြပွဲ အခမ်းအနားတွင် ပြောကြားသည်။
    ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်သော ဆေးဝါးများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအတွက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ အဓိကအားဖြင့် အစိုးရဌာနများသို့ အမှာစာအပေါ် မူတည်ကာ ဖြန့်ဝေပေးလျက်ရှိကြောင်း ၊ကိုယ်စားလှယ်အရောင်းကို စတင်ခွင့်ပြုနေပြီဖြစ်သော်လည်း နည်းပါးနေသေးကြောင်း သိရသည်။
    ဘီပီအိုင်ဆေးဝါးစက်ရုံကို ၁၉၅၃ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ဆေးဝါးများစတင်ထုတ်လုပ်ခဲ့ကြောင်း၊ ယခုအခါဆေးအမျိုးပေါင်း ၁၈၀အထိ ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါဆေးဝါးစက်ရုံမှ ပြည်သူလူထု၏ ကျန်းမာရေးလိုအပ်ချက်အရ ဆေးပြား ဆေးတောင့် (Tablets & Capsules) ၆၆ မျိုး၊ လိမ်းဆေး (Liquids )လိမ်းဆေးအမျိုး ၂၀၊ လူးဆေး (Ointment & Lotions)ကိုးမျိုး၊ အခဲ(Solids)နှစ်မျိုး၊ သမားကိုင်ဆေးဝါး(Control Drugs)၁၀ မျိုး၊ ထိုးဆေး(injections) ၄၅ မျိုးထုတ်လုပ်ပေးလျက်ရှိကြောင်း၊BPI ဆေးဝါးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ထုတ်ပိုးမှုစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ထားခြင်းဖြစ်၍ ဆေးဝါးအာနိသင် အပြည့်အဝရှိပြီး ကျန်းမာရေးအတွက် ထိရောက်မှု ကောင်းကြောင်း သိရသည်။
    အဆိုပါဆေးဝါးစက်ရုံ၏ လက်အောက်ရှိ လှည်းကူးမြို့နယ်မှ အသည်းရောင်အသားဝါ (ဘီ)ပိုး ကာကွယ်ဆေးကိုလည်း အောင်မြင်စွာ ထုတ်လုပ်လျက်ရှိကြောင်း၊ ဘီပိုးကာကွယ်ဆေးအမည်မှာ LIVOVAX- ဖြစ်ကြောင်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)မှ ယခုအခါ မြွေဆိပ်ဖြေဆေးကိုလည်း လွန်ခဲ့သော ခြောက်လမှ စတင်ကာ တစ်နှစ်လျှင် အလုံးရေ  ၈၀ဝ၀ဝ အထိ ထုတ်လုပ်ပေးနိုင်ပြီဖြစ်ပါသည်။      ဆေးဝါးစက်ရုံ(အင်းစိန်)သည် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း၌တည်ရှိပြီး စက်ရုံနှင့်ဆက်သွယ်ဆောင်ရွက်နိုင်သော ဖုန်းနံပါတ်မှာ ဝ၁-၆၄၆၂၇၁ ဖြစ်သည်။
မြင့်မောင်စိုး

Latest News