Burmese

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အမှတ်(၃)အထည်စက်ရုံခွဲ(စစ်ကိုင်း)၊ အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အမှတ်(၆)အထည်စက်ရုံခွဲ(မုံရွာ)တို့အား ကြည့်ရှုစစ်ဆေး

By: 

နေပြည်တော်၊ ဇန်နဝါရီ (၂၉)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ အမှတ် (၃)အထည်စက်ရုံခွဲ(စစ်ကိုင်း)သို့ရောက်ရှိပြီး စက်ရုံမှ ထုတ်လုပ်ထားရှိသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားသည့်အခြေအနေ၊ ဆေးရုံသုံးမွေ့ယာများ ထုတ်လုပ်လျက်ရှိသည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အဝတ် အထည်များ ချုပ်လုပ်ရာတွင် ဒီဇိုင်းအရေးကြီးပါကြောင်း၊ Designer များသည် အတွေး အခေါ်ကောင်းကောင်းဖြင့် တီထွင်ဖန်တီးမှုများကို စဉ်ဆက်မပြတ် ပြုလုပ်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ ဒီဇိုင်းများကိုလည်း အမြဲမပြတ်လေ့လာနေရန်လိုကြောင်း၊ အဝတ်အထည်များကို လက်ရာသေသပ်လှပစွာဖြင့် အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဈေးကွက်လေ့လာ၍ ဈေးကွက်အကြိုက်ထုတ်လုပ်နိုင်မှသာ စီးပွားရေးတွက်ခြေကိုက်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်ကို တက်တက်ကြွကြွဖြင့် ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

  

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း)သို့ ရောက်ရှိပြီး ဝါဖန်ဌာန၊ ဗိုင်းတောင့်ဌာန၊ အပင်ပေါင်းဌာန၊ ချည်ငင်ဌာန၊ အရည်အသွေးထိန်းသိမ်းရေးဌာန၊ ရက်ကန်းဌာန၊ စက်အရည်ပစ္စည်းများ ထုတ်လုပ်ရေးအလုပ်ရုံတို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံထုတ်ကုန်ပစ္စည်းများသည် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက် အရည်အသွေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်လေ့လာရေးအဖွဲ့များ ဖွဲ့စည်း၍ ဈေးကွက်သုတေသနပြုလုပ်ပြီး ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ မိမိထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး ကောင်း/မကောင်းကို သုံးစွဲသူပြည်သူမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ စက်ရုံတာဝန်ရှိသူများအနေဖြင့် အမှာစာများကို စောင့်ဆိုင်းမနေဘဲ ဝယ်ယူသုံးစွဲမည့် လုပ်ငန်းရှင် အဖွဲ့အစည်းများထံသို့ တိုက်ရိုက်သွားရောက်တွေ့ဆုံ၍ မိမိ ထုတ်ကုန်ပစ္စည်းများ သုံးစွဲလာအောင် ရှင်းလင်းပြသရန်လိုကြောင်း၊ မိမိထုတ်ကုန်ပစ္စည်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် Media များ အသုံးပြု၍ ကြော်ငြာရမည်ဖြစ်ကြောင်း၊ မိမိထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ သုံးစွဲသည့်ပြည်သူများ၏ အကြံပြုချက်များကို အလေးထား၍ ပြုပြင်ထုတ်လုပ်သွားရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်များကို ရိုးသားကြိုးစား၍ စေတနာထားဆောင်ရွက်ရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

    နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းအုပ်စုအလိုက် စက်မှုလုပ်ငန်းများ မှတ်ပုံတင်ထားရှိမှုအခြေအနေ၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ SMEs Cluster များ စုဖွဲ့ထားရှိမှုအခြေအနေ၊ လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်မှုအခြေအနေနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတကာအဖွဲ့အစည်းများမှ ဖြန့်ဝေပေးလျက်ရှိသည့် နည်းပညာများကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် မြန်မာမှုပြု၍ ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမည့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတကာမှ နည်းပညာများလာရောက်ဖြန့်ဝေပေးနေသည့်အတွက် အင်္ဂလိပ်စာနှင့် IT နည်းပညာများကိုပါ ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူထားရန်လိုကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများအတွက် အသုံးပြုသည့် အထောက်အကူပြု ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်စေရန် လေ့ကျင့်သင်ယူထားရန်လိုကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ ဓါတ်လိုက်မှု၊ ပေါ့ဆမှု၊ မီးလောင်မှုများမဖြစ်စေရန် စနစ်တကျ စစ်ဆေးပေးရန်လိုကြောင်း၊ ထို့အတူ ဘွိုင်လာများကိုလည်း အန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်သည်အထိ အသေးစိတ်စနစ်တကျ စစ်ဆေးပေးရန်လိုကြောင်း၊ ဌာနရှိဝန်ထမ်းများအနေဖြင့် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသဖြင့် ပြည်သူ လူထုအတွင်း ထဲထဲဝင်ဝင်လေ့လာ၍ လိုအပ်သည့်အခက်အခဲများကို ကူညီဖြေရှင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး ဝန်ထမ်းအိမ်ယာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
    ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၆)အထည်စက်ရုံ(မုံရွာ)သို့ ရောက်ရှိပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စက်ရုံရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဈေးကွက်ဝင်ပစ္စည်းကို ပိုမိုထုတ်လုပ်ရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်မှုများ ကို အမြဲတစေဆောင်ရွက်ရန်နှင့် နည်းပညာသစ်များရရှိရေးအတွက် တစ်စိုက်မတ်မတ် လေ့လာသင်ယူနေရန်လိုကြောင်း၊ ယနေ့ခေတ်ကာလတွင် ပုဂ္ဂလိကထုတ်ကုန်များနှင့် အစိုးရထုတ်ကုန်များသည် ဈေးကွက်တွင်ယှဉ်ပြိုင်ရောင်းချရမည်ဖြစ်၍ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ရိုးရိုးသားသားဖြင့် အဂတိကင်းအောင်နှင့် တက်တက်ကြွကြွဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်) 

Latest News