Burmese

မူလအနံသေးပိတ်စသာ ထုတ်လုပ်နိုင်သော ယက္ကန်းစက်အား အနံကြီးပိတ်စ ထုတ်လုပ်နိုင်သည့်စက်အဖြစ် တီထွင်ပြုပြင် အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့်ပိတ်များ ထုတ်လုပ်နိုင်တော့မည်

By: 

နေပြည်တော် ဇန်နဝါရီ ၂၄
    စက်မှုဝန်ကြီးဌာန အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းကြီးကြပ်မှု အောက်ရှိ အမှတ်(၄) အထည်စက်ရုံ (ပွင့်ဖြူ)မှ မူလ Rapier Loom ရက်ကန်းစက်များသည် အနံ ၄၈လက်မပိတ်များသာ ထုတ်လုပ်နိုင်စွမ်းရှိပြီး ယင်းပိတ်များအား လက်ရှိအထည်ချုပ်ရုံများ၌ အသုံးပြုရာတွင် အလေအလွင့်များသောကြောင့် အနံကြီးပိတ်စများ ထုတ်လုပ်နိုင်သည့် ရက်ကန်းစက်အဖြစ် တီထွင်ထုတ်လုပ်ရန် စက်မှုဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ခဲ့သည်။
    ဝန်ကြီးဌာနရှိ ဒီဇိုင်းပညာကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာများက ပွင့်ဖြူအထည်စက်ရုံရှိ မူလရက်ကန်းစက်များအား လေ့လာပြီးအနံချဲ့ရန် ဒီဇိုင်းပုံစံထုတ်လုပ်ခြင်းနှင့် လိုအပ်သည့် စက်အစိတ်အပိုင်းများအား Modify ပြုလုပ်ခြင်း၊ အသစ်ဖန်တီး၍ အစားထိုးလဲလှယ်ခြင်းများကို အမှတ်(၂၃) ကြီးစားစက်ရုံ(ညောင်ခြေထောက်)၌ အခြေပြု၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
    အဆိုပါပူးပေါင်းအဖွဲ့က စနစ်တကျစီမံချက်ချ၍ ကြိုးစားဆောင်ရွက်ခဲ့ကြရာ မူလလျာထားချက်အတိုင်း ရက်သတ္တသုံးပတ်အတွင်း မူလ အနံ ၄၈ လက်မသာ ထုတ်လုပ်နိုင်ရာမှ အသားတင်ပိတ်သားအနံ ၆၅ လက်မ အထိထုတ်လုပ်နိုင်သော ရက်ကန်းစက်အဖြစ် အောင်မြင်စွာတပ်ဆင် စမ်းသပ်လည်ပတ်နိုင်ခဲ့သည်။

    ဇန်နဝါရီ ၂၂ ရက်တွင် အမှတ်(၂၃)အကြီးစားစက်ရုံ (ညောင်ခြေထောက်)၌ အဆိုပါစက်အား လက်တွေ့စမ်းသပ်လည်ပတ်၍ ပိတ်စထုတ်လုပ်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ရောက်ရှိကြည့်ရှုစစ်ဆေးအားပေးပြီးမှာကြားပြီး စက်တီထွင်ဖန်တီးပေးခဲ့သည့် စက်ရုံမှူးများနှင့် ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များနှင့် စက်တီထွင်ဖန်တီးမှုများအတွက် အသုံးဝင်မည့် စက်ပစ္စည်းကိရိယာများကိုချီးမြှင့်ပေးအပ်ခဲ့သည်။

    ထို့နောက် အမှတ်(၂၃)အကြီးစားစက်ရုံ(ညောင်ခြေထောက်)၏ ထရန်စဖော်မာထုတ်လုပ်ရေးအလုပ်ရုံ၊ ပီဗွီစီဝါယာထုတ်လုပ်ရေးအလုပ်ရုံနှင့် စက်ပစ္စည်းကိရိယာထုတ်လုပ်ရေး အလုပ်ရုံတို့ရှိ ထုတ်လုပ်မှုလုပ်ငန်းများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

  

    စက်မှုဝန်ကြီးဌာန အနေဖြင့်ရက်ကန်းစက် တီထွင်ဖန်တီးမှုအား ပထမအဆင့်အလုံး ၅၀၊ ဒုတိယ အဆင့် အလုံး ၁၀ဝ၊ တတိယအဆင့် အလုံး ၄၅၀ ဆက်လက်မွမ်းမံတည်ဆောက်သွားမည်ဖြစ်ပြီး အရည်သွေးမြင့် ပိတ်(Fabric)နှင့် အထည်များကို ဈေးကွက်လိုအပ်ချက်များအတိုင်း ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

Latest News