Burmese

အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၉
    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းတို့သည် ဇန်နဝါရီ ၇ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး စက်ရုံတည်ဆောက်ထားရှိမှု၊ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားရှိမှု၊ စက်ရုံလည်ပတ်နေမှု၊ ကုန်ချောထွက်ရှိမှု၊ ဆက်လက်တည်ဆောက်မည့် စက်ပစ္စည်း အစိတ်အပိုင်းများနှင့် နေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

    ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စက်ရုံတည်ဆောက်မှု Phase တစ်ခုချင်းအလိုက် ရောက်ရှိနေသည့်အဆင့်၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများ၊ ဘဏ္ဍာငွေလိုအပ်မှု၊ နိုင်ငံခြားသုံးငွေလိုအပ်မှု၊ စက်ပစ္စည်းလိုအပ်မှု၊ တည်ဆောက်ပြီးစီး၍ လည်ပတ်နိုင်သည်အထိ လုပ်ငန်းအဆင့်အလိုက် ပြီးစီးမည့် အချိန်ကာလနှင့် အသေးစိတ်လုပ်ငန်းအစီအစဉ်များ ရေးဆွဲတင်ပြ ဆောင်ရွက်ကြစေလိုကြောင်း။ Phase တစ်ခုချင်းအလိုက် စက်ပစ္စည်းရောက်ရှိမှု၊ စက်ပစ္စည်းအစိတ်အပိုင်းများ သိုလှောင်ထားရှိမှု၊ စက်ပစ္စည်းလိုအပ်မှုများကို စနစ်တကျ ထိန်းသိမ်းထားရှိရန်၊ စက်ရုံလည်ပတ်ရန် ကုန်ကြမ်းလိုအပ်မှု၊ ကုန်ချောထုတ်လုပ်မှု၊ ရောင်းချမှု ဈေးကွက်စသည့် Supply Change တစ်ခုလုံးကို စီစဉ်ဆောင်ရွက်နိုင်ရန် ဌာနတစ်ခုထားရှိဆောင်ရွက်စေလိုကြောင်း။လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ စနစ်တကျ စီမံခန့်ခွဲနိုင်ရေးတို့အတွက် HR မန်နေဂျာ ခန့်အပ်ဆောင်ရွက်သင့်ကြောင်း၊ အဆောက်အအုံ၊ ယာဉ်၊ ယန္တရားများ ပြင်ဆင်ထိန်းသိမ်းနိုင်ရေး ထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့များကို လုပ်ငန်းအလိုက် သီးခြားစီဖွဲ့စည်း ထားရှိရန်လိုကြောင်း၊ ထုတ်ကုန် တစ်ယူနစ်ချင်းအတွက် ကုန်ကျစရိတ်များ တွက်ချက်၍ ထုတ်လုပ်ရောင်းချနိုင်ရန် Sale and Marketing Manager များကိုလည်း ခန့်အပ်ဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းကို ကျွမ်းကျင်စွာဖြင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးနိုင်ရန် Training Schedule ရေးဆွဲ၍ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ပြည်သူများ အားကိုးတန်ဖိုးထားရသော မြန်မာအင်ဂျင်နီယာများ၊ မြန်မာကုန်ထုတ်လုပ်သားများဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးစားကြစေလိုကြောင်း။ ရာထူးအဆင့်အလိုက် ဝန်ထမ်းများ နေထိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ပညာရေး၊ ကျန်းမာရေးအတွက် စနစ်တကျ ဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းများလုပ်ငန်းခွင်တွင် ရွှင်လန်းတက်ကြွစွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။
    အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)ကို မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရန်ကုန်-မြင်းခြံ ကားလမ်းမိုင်တိုင် အမှတ်(၄၅ဝ/ဝ)၏ အနောက်ဘက် ၃ ဒသမ ၃ မိုင်ခန့်အကွာ ဆားခါး ကျေးရွာအနီးရှိ မြေဧက ၅၇၄ ဒသမ ၂ ဧကပေါ်တွင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC)က အီတလီနိုင်ငံမှ Danieli ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၁-၁ဝ-၂ဝ၁၂ ရက်တွင် စက်မှုဝန်ကြီးဌာန အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းမှ လွှဲပြောင်းလက်ခံကာ စက်ရုံ၏ Phase 1 မှ Steel Billet (130mm x 130mm x 12 m) နှင့် Steel Slab (90mm x 1200 mm x 9m) များ ထုတ်လုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

 

Latest News