Burmese

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အမှတ်(၃၃)အကြီးစားစက်ရုံ (ကျောက်ဆည်)၊ အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)နှင့် အဆင့်မြင့် မီးခံအုတ် ထုတ်လုပ်ရေးဌာနတို့အား ကြည့်ရှုစစ်ဆေး

By: 

နေပြည်တော်၊ ဒီဇင်ဘာ (၁၈)

      စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်စက်မှုနယ်မြေရှိ အမှတ်(၃၆)အကြီးစားစက်ရုံဝင်းအတွင်း ရဟတ်ယာဉ်ကွင်း တည်ဆောက်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးက ရဟတ်ယာဉ်ကွင်းအား နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ရန်လိုကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်လည်း ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း၊ ရဟတ်ယာဉ်ကွင်း ပတ်ဝန်းကျင်အား သာယာလှပရေး ဆောင်ရွက်ထားရန်နှင့် ရေစီးရေလာ ကောင်းမွန်အောင်ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားသည်။

  

    နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် International Glass Co., Ltd. သို့ ငှားရမ်းထားသည့် အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)သို့ ရောက်ရှိပြီး စက်ရုံရှုရပ် ရှင်းလင်းဆောင်၌ စက်ရုံမှူးက ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ ဝန်ထမ်း ရေးရာကိစ္စရပ်များ၊ စက်ရုံအား International Glass Co., Ltd. သို့ ငှားရမ်းထား ရှိသည့် အခြေအနေ၊ စက်ပ္စည်းများမွမ်းမံပြင်ဆင်၊ တိုးချဲ့တပ်ဆင်ထားသည့်အခြေအနေ တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဈေးနှုန်းသက်သာပြီး အရည်အသွေး ကောင်းမွန်သည့် မှန်များ ထုတ်လုပ်နိုင်မှသာ ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင် မည်ဖြစ်ကြောင်း၊ မိမိတို့ထုတ်လုပ်သည့် မှန်များ၏ အရည်အသွေး ကောင်း/မကောင်းကို သုံးစွဲသူပြည်သူများမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရည်အသွေးကောင်းမွန်သည့် မှန်များ ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ ထုတ်လုပ်သည့်မှန်များ အရည်အသွေးကောင်းမွန်မှသာ ဈေးကွက်ဝေစု များများရရှိမည် ဖြစ်ကြောင်း၊ ရောင်းအားတက်စေရန် ကြော်ငြာပေးရန်လိုကြောင်း၊ ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင်ဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် စီမံပေးရန် လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိ မိသားစုလုပ်ငန်းသကဲ့သို့ သဘောထား၍ ကြိုးစား ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ စက်ရုံငှားရမ်းကုမ္ပဏီအနေဖြင့် ရရှိသည့် အမြတ်အစွန်းများမှ သင့်တော်သည့် ရာခိုင်နှုန်းဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စရပ်များ ဆောင်ရွက်ပေးရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင်းရှိ မှန်ရည်ကျိုမီးဖို၊ Control Room ၊ မှန်အရည်အသွေး စစ်ဆေးရေးဌာန၊ မှန်အနားသွေးနေသည့်အခြေအနေ၊ မှန်အနားဇောင်းသွေးနေသည့်အခြေအနေ၊ အားဖြည့်မှန်ထုတ်လုပ်နေသည့် အခြေအနေ၊ လွှာထပ်မှန်ထုတ်လုပ်နေသည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
    ညနေပိုင်းတွင်း ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနမှ Myanmar Conch Co., Ltd. သို့ ငှားရမ်းထားသည့် အမှတ်(၃၃)အကြီးစားစက်ရုံ(ကျောက်ဆည်)သို့ရောက်ရှိပြီး ဘိလပ်မြေထုတ်လုပ်မှုနည်းစဉ်အဆင့်ဆင့်နှင့် လျှပ်စစ်ထုတ်လုပ်ရေးဌာနတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြား သည်။

      ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် အဆင့်မြင့်မီးခံအုတ်ထုတ်လုပ်ရေးဌာနသို့ ရောက်ရှိပြီး စက်ရုံအတွင်း အဆင့်မြင့်မီးခံအုတ်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်နှင့် အရည်အသွေးစစ်ဆေးရေးဌာနတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှုတစ်ခုထဲဆောင်ရွက်နေ၍မရဘဲ ဖြန့်ဖြူးရောင်းချနိုင်ရေး အတွက် ဈေးကွက်ရှာဖွေရမည်ဖြစ်ကြောင်း၊ မိမိထုတ်ကုန်ပစ္စည်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ Media များမှတဆင့် အသိပေးခြင်းများ ဆောင်ရွက်ရန်လိုကြောင်း၊ ခေတ်နှင့်လျော်ညီသည့် ထုတ်ကုန်ပစ္စည်း များထုတ်လုပ်ရန်နှင့် Customer များ မှာယူသည့်ပုံစံအတိုင်း ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ကုန်ပစ္စည်းများအား သုံးစွဲသူပြည်သူများ ကြိုက်နှစ်သက်မှ ဈေးကွက်ရရှိမည်ဖြစ်၍ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများထုတ်လုပ်ရန်လိုကြောင်း၊ တီထွင်ဆန်းသစ်မှုများကို အမြဲတစေဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကောင်းစိတ်ဓာတ်မွေးမြူ၍ တာဝန်ကို တက်တက်ကြွကြွနှင့် ကျေပွန်အောင် ထမ်းဆောင်ကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

Latest News