Burmese

အတန်းပညာဆက်လက်မသင်ယူနိုင်သော်လည်း အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် ရည်ရွယ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် မြင်းခြံမြို့မှ အမှတ်(၆) စက်မှုသင်တန်းကျောင်း

By: 

မြင်းခြံမြို့၏ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ မြင်းခြံ-နဘူးအိုင်-မန္တလေးသွားကားလမ်းမကြီး၏ အရှေ့ဘက် ကုက္ကဲ ကျေးရွာအနီး ကုက္ကဲတောင်ကြီး၏ တောင်ခြေတွင်တည်ရှိသည့် အမှတ်(၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ)သည် စက်မှုလက်မှုအတတ် ပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်နှင့် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရန် စနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းကျောင်းကို ၂ဝ၁၁ ခုနှစ် ဇွန် ၂၁ ရက်က အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နှစ်နှင့် ရှစ်လအကြာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အတန်းပညာကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်သင်ယူနိုင်ခြင်းမရှိသည့် လူငယ်များကို အတတ်ပညာနှင့် အသက်မွေးဝမ်း ကျောင်းပြုနိုင်ရေးရည်ရွယ်ချက်နှင့် နိုင်ငံတော်က ဖွင့်လှစ်ခဲ့ကြောင်း သင်တန်းရေးရာဌာနမှူး ဒေါ်မျိုးမျိုးသက်၏ ပြောပြချက်အရ သိရသည်။

စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အဆိုပါသင်တန်းကျောင်းတွင် တွင်ခုံ၊ ကြိတ်ခုံ ကိုင်တွယ်မောင်းနှင်မှုသင်တန်း၊ မိုလ်နဲ့ ဒိုင် ပြုလုပ်မှုသင်တန်း၊ ကွန်ပျူတာသုံး စက်ခုတ်စားမှု စက်ကိရိယာကိုင်တွယ်မောင်းနှင်မှုသင်တန်း၊ သံထည်နှင့် ဂဟေဆက်လုပ်သား သင်တန်း၊ သံရည်ကြိုလုပ်သားသင်တန်း၊ စက်ရုံ လျှပ်စစ်ပညာသည်သင်တန်း၊ အီလက်ထရွန်နစ်စက်ပြင်သင်တန်းတို့ကို သင်ကြားပေးလျက်ရှိသည်။

သင်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးအပါအဝင် ဝန်ထမ်းအင်အား ၅၅ ဦးရှိပြီး သင်တန်းနည်းပြ ဆရာ ဆရာမ ၂၇ ဦးရှိကြောင်းနှင့် သင်တန်း နည်းပြဆရာ ဆရာများသည် ဘာသာရပ်အလိုက် ကျွမ်းကျင်ဝန်ထမ်းများ ဖြစ်ကြသည့်အတွက် စာတွေ့လက်တွေ့ သင်ကြားပေးရာ၌ အခက်အခဲမရှိ သင်ကြားပေးနိုင်သူများဖြစ်ကြောင်း သင်တန်းရေးရာဌာနမှူးထံမှ သိရသည်။

မြင်းခြံစက်မှုသင်တန်းကျောင်းသို့ တက်ရောက်ပညာသင်ကြားလိုသူများသည် တက္ကသိုလ်ဝင်တန်း သင်ယူဖြေဆိုဖူးသူ၊ မြန်မာနိုင်ငံသား ကျန်းမာရေး ကောင်းမွန်သူ၊ အိမ်ထောင်မရှိဖူးသူ လူပျို၊အပျို ဖြစ်ရမည်ဖြစ်ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်၍ သင်တန်းတွင် ချုပ်ဆိုရမည့် ဝန်ခံကတိ၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်ဖြစ်သည်။ သင်တန်းကာလသတ်မှတ်ချက်မှာ တစ်နှစ်ဖြစ်ပြီး သင်ကြားမှုအနေဖြင့် စာတွေ့ ၃ဝ ရာခိုင်နှုန်း သင်ကြားပေး၍ လက်တွေ့ ၇ဝ ရာခိုင်နှုန်း သင်ကြားပို့ချပေးကာ သင်တန်းပြီးဆုံးပါက သင်တန်းလက်မှတ် ချီးမြှင့်ပေးသည်။

''သင်တန်းကျောင်းတက်ချင်တယ်ဆိုရင် အနည်းဆုံး ၁ဝ တန်းဖြေဆိုဖူး ရမယ်၊ မအောင်လည်းရတယ်။ သင်တန်းလျှောက်လွှာတင်ရမယ်။ ပညာရေးထောက်ခံချက် ၊ကျန်းမာရေးထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မိတ္တူပါရမယ်၊ ဒါတွေပြည့်စုံတယ်ဆိုမှ ပဏာမအဆင့် လျှောက်လွှာ စိစစ်ရွေးချယ်ပြီး နောက်တစ်ဆင့် လူတွေ့နှုတ်ဖြေစစ်ဆေးတယ်၊ ပြီးမှ အောင်မှတက်ခွင့်ပြုတာ''ဟု သင်တန်းရေးရာဌာနမှူး ဒေါ်မျိုးမျိုးသက်က ပြောသည်။

သင်တန်းခေါ်စာများကို နှစ်စဉ် ဒီဇင်ဘာလတွင် ခေါ်ယူလေ့ရှိပြီး နိုင်ငံပိုင်သတင်းစာများ၊ စက်မှုဝန်ကြီးဌာနမှ ထုတ်ဝေသည့် ရွှေစက်မှုဂျာနယ်၊ စက်မှုဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်နှင့် စက်မှုသင်တန်းကျောင်း၏ ဖေ့ဘွတ်စာမျက်နှာများတွင် ကြေညာလျက်ရှိပြီး ဖောင်များကို နီးစပ်ရာသင်တန်း ကျောင်းများနှင့် စက်မှုဝန်ကြီးဌာနရုံးတို့တွင် ရယူနိုင်ကာ အင်တာနက်မှလည်း Download ဆွဲကာ ရယူနိုင်သည်။

သင်တန်းကျောင်းသို့ အနယ်နယ်အရပ်ရပ်မှ သင်တန်းတက်ခွင့် လျှောက်ထားသူ နှစ်စဉ် တစ်ထောင်ဝန်းကျင်ရှိသော်လည်း သင်တန်းကျောင်း၏ အဆောင်ကန့်သတ်ချက်အရ သင်တန်းအပတ်စဉ်တစ်ခုလျှင် ကျား/မ လူဦးရေစုစုပေါင်း ၁၈ဝ ဝန်းကျင်သာ လက်ခံနိုင်ကြောင်း သိရသည်။

သင်တန်းအမှတ်စဉ်တိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများအား သင်တန်းသား စံပြဆုအပါအဝင် ဘာသာရပ်အလိုက် ထူးချွန်ဆုများကို ရွေးချယ်ချီးမြှင့်လျက်ရှိသည်။

၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှ စ၍ သင်တန်းကျောင်းတက်ရောက်ခွင့်ရရှိသူများအား စားစရိတ်တစ်ရက်လျှင် ကျပ်၅ဝဝ နှုန်းနှင့် လိုအပ်သည့် ယူနီဖောင်း၊ လေ့ကျင့်ရေးသုံးကုန်ကြမ်းပစ္စည်းများနှင့် အိပ်ဆောင်နေထိုင်မှု (ရေ/မီး)တို့ကို နိုင်ငံတော်က ထောက်ပံ့ပေးလျက်ရှိသည်။

''သင်တန်းတက်ဖို့ ရွေးချယ်ခံရတယ်ဆိုရင် နိုင်ငံတော်က စားစရိတ် တစ်ဦးကို တစ်နေ့ ၅ဝဝ ထောက်ပံ့တဲ့အတွက် ထမင်းစရိတ်က တစ်လ နှစ်သောင်းခွဲဆိုတော့ သင်တန်းသားက တစ်လ တစ်သောင်းကလွဲပြီး ကျန်တာဘာဖိုးမှ ထပ်ပေးရတာမရှိဘူး'' ဟု သင်တန်းရေးရာဌာနမှူးက ပြောသည်။

သင်တန်းသား သင်တန်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု၊ နှစ်သက်ရာ အားကစားပြုလုပ်နိုင်မှု၊ အပန်းဖြေအနားယူနိုင်မှု၊ ပတ်ဝန်းကျင် ဒေသများသို့ လည်ပတ်ခွင့်ပြုမှုများ စီစဉ်ထားကြောင်း သိရသည်။

စက်မှုသင်တန်းကျောင်းတွင် သင်တန်းရေးရာဌာန၊ ကျောင်းသား ရေးရာဌာန၊ အုပ်ချုပ်ရေးဌာန၊ ဘဏ္ဍာရေးဌာနစသဖြင့် ဌာနကြီးလေးခုမှ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အမှတ်(၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ)မှ သင်တန်းပြီးမြောက်အောင် မြင်ပြီးသည့် သင်တန်းသားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပုံကို ''ကျောင်းပြီးတာနဲ့ အလုပ်ရှာပေးတယ်။ အလုပ်ရရှိမှုတွေလည်းရှိပါတယ်။ အမှတ်စဉ်(၁)က သင်တန်းသား ၁၆၈ ဦးမှာ ၉၃ ရာခိုင်နှုန်းအလုပ်ရတယ်။ အမှတ်စဉ်(၂)က ၁၆၁ ဦးမှာ ၉၇ ရာခိုင်နှုန်းအလုပ်ရတယ်။ အခုသင်တန်းက မပြီးသေးဘူး၊ လဝက်မှာတောင် အင်တာဗျူးခေါ်တာတွေရှိတယ်။ သင်တန်း ကျောင်းကလည်း ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတယ်။ နောက်ပိုင်းကျတော့ ဂျပန်နိုင်ငံမှာသွားအလုပ်လုပ်ဖို့အတွက် ဂျပန်ကုမ္ပဏီတစ်ခုက လာချိတ်ထားတာရှိတယ်။ ဒီကကျောင်းပြီးရင် အဲဒီကုမ္ပဏီက တစ်နှစ်ထပ်သင်တန်းပေးတယ်။ ဒီကျောင်းကနေ ဂျပန်မှာ အလုပ်သွားလုပ်တဲ့သူတောင်ရှိနေပါပြီ''ဟု သင်တန်း ရေးရာဌာနမှူးက ပြောသည်။

အမှတ်(၆) စက်မှုသင်တန်းကျောင်း(မြင်းခြံ)ကို တည်ထောင်ရာတွင် အိန္ဒိယသမ္မတနိုင်ငံက နည်းပညာနှင့် သင်ထောက်ကူစက်ပစ္စည်းများကို ပံ့ပိုးပေးပြီး နိုင်ငံတော်အစိုးရက သင်တန်းကျောင်းမြေနေရာ၊ အဆောက် အအုံနှင့် အခြားလိုအပ်သည့်အပိုင်းများကို အဘက်ဘက်က ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးလျက်ရှိသည့်အတွက် တိုင်းပြည်ဖွံ့ဖြိုးရေးတွင် တစ်ဖက်တစ်လမ်းက ပါဝင်ဖြည့်ဆည်းနိုင်မည့် နိုင်ငံ့သားကောင်းများစွာ ပေါ်ထွန်းနေဦးမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

Source: The Mirror Daily

သတင်း-သီသီမင်း၊ ဓာတ်ပုံ-အိုင်တီစီ

Latest News