Burmese

အလုပ်အကိုင်အခွင့်အလမ်းသေချာသည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

By: 

မကွေး စက်တင်ဘာ ၅

မကွေးမြို့မှ ခုနစ်မိုင်ခန့်အကွာ မကွေး-​ တောင်တွင်းတိုးဂိတ်အနီးမှ တောင်ဘက် မယ်လှတောင်ရွာအဝင်လမ်းအတိုင်း (၃) မိုင်ခန့်၌ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)ရှိပြီး တက္ကသိုလ်ဝင်တန်းမအောင်သဖြင့် စိတ်ပျက်အားငယ်နေသူ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း သေချာစွာ ဘဝကို ထူထောင်နိုင်ခွင့်ရှိသည့် တစ်နှစ်ဒီပလိုမာသင်တန်းအား နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

စက်မှုသင်တန်းကျောင်းတွင် ကားပြင်ထိန်းသိမ်းခြင်းဘာသာရပ် (Automobile Maintenance Course) နှင့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်လျက်ရှိသော ကွန်ပျူတာအသုံးပြုဒီဇိုင်းရေးဆွဲခြင်း ဘာသာရပ် (CAD/CAM  Course) ဟူ၍ ဘာသာရပ်နှစ်ခုကို သင်တန်းအပတ်စဉ်(၅)အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ကာ သင်တန်းသူ သင်တန်းသား ၇၄၀ကို အတတ်ပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ လူမှုပတ်ဝန်းကျင် တစ်ခုလုံးက ဘွဲ့ရမှဆိုတဲ့အတွေးအခေါ် တွေရှိပြီးတော့ တက္ကသိုလ်ဝင်တန်း မအောင်ရင် လူက လူစဉ်ပဲမမီတော့သလို၊ လူတောတိုးလို့မရသလို ကလေးတွေ ဆက်ဆံခံနေရတယ်။ ဘွဲ့ရတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးပြီးသား နိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံဆိုရင် ဘွဲ့ဘက်ကို သွားတဲ့ ကျောင်းသားဦးရေ ၂ဝ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ အသက်မွေးဝမ်း ကျောင်းဘာသာရပ်ကို ပိုပြီးဦးစားပေး ကြတာပါ။ တခြားကိုယ်ဝါသနာပါတဲ့ လုပ်ငန်းတွေကို ကျွမ်းကျင်အောင် လုပ်ရင် ဒါဟာလည်း ပညာရှင်ဖြစ်ဖို့၊ အောင်မြင်ဖို့ သေချာတဲ့ကိစ္စပါပဲ'' ဟု အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) ကျောင်းအုပ်ကြီး ဦးသန့်ဇင်က ပြောသည်။

အဆိုပါကျောင်း၌ အခြေခံပညာ အထက်တန်းအောင်သည် ရှုံးသည်ဖြစ်စေ တက္ကသိုလ်ဝင်တန်းဖြေဖူးသူ အသက် ၁၇နှစ်မှ ၂၅ နှစ်ကြားရှိ ကျောင်း သူကျောင်းသားများကို လက်ခံကာ တစ်ပတ်စဉ်လျှင် သင်တန်းသူ သင်တန်းသား ၁၅ဝ သင်ကြားပို့ချပေးကြောင်း၊ နိုင်ငံ တကာအဆင့်မီ စက်ပစ္စည်းများကို အသုံးပြု၍ လက်တွေ့ ၇ဝ ရာခိုင်နှုန်း၊ စာတွေ့ ၃ဝ ရာခိုင်နှုန်းဖြင့် သင်တန်း ပို့ချမှုများကြောင့် ကျောင်းဆင်းသွား သော ကျောင်းသား ကျောင်းသူ ၉ဝ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံတွင်းသာမက ဂျပန်၊ မလေးရှားစသော နိုင်ငံများ တွင်လည်း လစာကောင်းကောင်းဖြင့် အလုပ်လုပ်ကိုင်နေကြကြောင်း ကျောင်းသားရေးရာဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခင်ထံမှ သိရသည်။

စက်မှုသင်တန်းကျောင်းမှ တက်ရောက်မည့် ကျောင်းသားများအနေဖြင့် ပထမကျောင်းစတက်သော လတွင် ယူနီဖောင်းစရိတ်ကုန်စရာရှိပြီး တစ်လလျှင် သုံးနပ်စာစားရိတ်ငွေကျပ် ၂၅ဝဝဝ သာပေးဆောင်၍ အဆောင်စရိတ်၊ ရေ၊ မီးပူစရာမလိုဘဲ နိုင်ငံတော်မှထောက်ပံ့မှုများ ပြုလုပ်ပေးထားကြောင်း၊ သင်တန်းဆရာများအဖြစ် စက်ရုံအလုပ်ရုံများ တွင် အတွေ့အကြုံရှိပြီးသူများ၊ BE /GTI ဘွဲ့ရသူများထဲမှ သင်ကြားချင် စိတ်ရှိသူများကို ကိုရီးယားသို့ စေလွှတ် ပညာသင်စေခြင်း ဆောင်ရွက်ပြီး ကိုရီးယားနိုင်ငံဆရာများမှ လာရောက် သင်ကြားပို့ချထားသော အတတ် ပညာရှင်များအားလည်း ကျောင်းသား ကျောင်းသူများကို ပြန်လည်သင်တန်းပို့ချရန်တာဝန်ပေးထားကြောင်း သိရသည်။

''ဒီသင်တန်းကျောင်းက ပို့ချတဲ့ ဘာသာရပ်တွေကို စိတ်ဝင်စားပါတယ်။ စက်ပြင်တာလည်း ဝါသနာပါတယ်။ ဒီသင်တန်းကဆင်းရင် အပြင်ကစက်ရုံ အလုပ်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်ရင်း ပညာတွေသင်ဦးမှာပါ။ ပြီးမှ ကိုယ်ပိုင် စက်ရုံတည်ထောင်ဖို့အထိ ရည်မှန်းထားပါတယ်''ဟု ပုဂံညောင်ဦးမြို့မှ လာရောက် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးက သူ၏ရည်မှန်းချက်ကို ပြောသည်။

မြန်မာနိုင်ငံ၌ စက်မှုဝန်ကြီးဌာန အောက်ရှိ စက်မှုသင်တန်းကျောင်း (၆)ကျောင်းရှိပြီး အမှတ်(၅)စက်မှုသင်တန်း ကျောင်း(မကွေး)ကို ကိုရီးယား၊ မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ကိုရီးယား ဘက်မှ ဒေါ်လာသန်း ၃ဝဝ နှင့် နည်းပညာ၊ စက်ပစ္စည်းများထောက်ပံ့ခဲ့ ကာ မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာနမှ အဆောက်အအုံ မြေပြုပြင်ခြင်းနှင့် ရေ၊ မီး၊ လျှပ်စစ်တို့အတွက် ကျပ်သန်းပေါင်း ၆ဝဝဝ အကုန်အကျခံ၍ ၂ဝ၁ဝ ပြည့်နှစ် တွင် အုတ်မြစ်ခံတည်ထောင်ခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံမှလွှဲပြောင်းယူခဲ့ပြီး သြဂုတ်လ၌ သင်တန်းသား သင်တန်းသူများကို စတင်လက်ခံသင်ကြားပေးခဲ့ကြောင်း သိရသည်။

ဇေယျတု(မကွေး)

သတင်းရင်းမြစ်။ မြန်မာ့အလင်း

Latest News