Burmese

စွမ်းအင်အကျိုးရှိစွာ သုံးစွဲမှုတိုးတက်စေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

By: 

          စွမ်းအင်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသောကဏ္ဍမှ ဦးဆောင်လျက်ရှိကြောင်း၊ စွမ်းအင်ဖူလုံစေရေး၊ သဘာဝအရင်းအမြစ်များကို ချွေတာနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို စွမ်းအင်အကျိုးရှိစွာသုံးစွဲခြင်းဖြင့် အထောက်အပံ့ပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ခြိုးခြံချွေတာရေးဆိုင်ရာ မူဝါဒမဟာဗျူဟာနှင့်ရှေ့လုပ်ငန်းစဉ်များကို ၂၀၁၆ ခုနှစ် တွင် အတည်ပြုပြဌာန်းခဲ့ပြီး မူဝါဒပါ ရည်မှန်းချက်များ ပြည့်မီစေရန်အတွက် ဝန်ကြီးဌာနများသာမက နိုင်ငံသားအားလုံးပူးပေါင်းအကောင်အထည်ဖော် သွားရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုက သြဂုတ်လ (၂၄)ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၌ ပြုလုပ်ခဲ့သော စွမ်းအင်အကျိုးရှိစွာသုံးစွဲမှု တိုးတက်စေရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှာ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပြီး Japan-Myanmar Bilateral Cooperation အောက်တွင် မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသော စွမ်းအင်ထိရောက်စွာ သုံးစွဲရေးနှင့် ခြိုးခြံချွေတာရေး ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များကို တိုးတက်စေရေး ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။

          ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်ခဲ့ပြီး ဂျပန်ပညာရှင်များနှင့် မြန်မာကိုယ်စားလှယ်များ ဆွေးနွေးခဲ့သည့် စွမ်းအင်အကျိုးရှိစွာသုံစွဲရေးကို အထောက်အကူပြုမည့် ဥပဒေမူဘောင်တစ်ရပ် ထွက်ပေါ်လာရေး ဆွေးနွေးပွဲရလဒ် (First Draft) အပေါ် ယခုဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ၌ သုံးသပ်ဆွေးနွေးကြခြင်းဖြစ်ပြီး၊ ဂျပန်ပညာရှင်များက ဂျပန်နိုင်ငံ၏ ဥပဒေရေးဆွဲရေးနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများကို မျှဝေခြင်း၊ ပြုစုထားသောမူကြမ်းအပေါ် အကြံပြုသုံးသပ်ချက်များ ဆွေးနွေးကြသည်။

          ဆွေးနွေးပွဲ၌ Energy Conservation Center, Japan(ECCJ) မှ ကျွမ်းကျင်ပညာရှင် Mr.Hideo Kubata က စွမ်းအင်မန်နေဂျာစနစ်အကြောင်းကို ရှင်းလင်းပြောကြားပြီး စက်မှုဝန်ကြီးဌာန၊ စွမ်းအင်ခြိုးခြံချွေတာရေးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းက စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး ဥပဒေကြမ်းပြုစုရသည့် ရည်ရွယ်ချက်၊ ဥပဒေပြုလိုသည့် အဓိကနယ်ပယ်၊ ဥပဒေပြုလုပ်မည့်အကြောင်းအရာ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယညွန်ကြားရေးမှူး ဒေါ်အေးကေခိုင်စိုးက အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ စွမ်းအင်စွမ်းဆောင်ရည် စံချိန်စံညွှန်းသတ်မှတ်ရေးဆိုင်ရာ ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကျွမ်းကျင်ပညာရှင် Ms.Ayaka Yamakawa က ဥပဒေမူကြမ်းအပေါ်တွင် ဂျပန်နိုင်ငံရှိ ဥပဒေများနှင့် နှိုင်းယှဉ်သုံးသပ်၍ လိုအပ်သော အချက်အလက်များ၊ ဦးစားပေးဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ ကျွမ်းကျင်ပညာရှင် Mr.Hiroshi Shibuya က စွမ်းအင်စီမံခန့်ခွဲသူများ လိုက်နာဆောင်ရွက်ရမည့် စွမ်းအင်အကျိုးရှိစွာ သုံးစွဲရေးဆိုင်ရာ လမ်းညွှန်ချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးပွဲတက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

          ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲအား ၂ ရက်ကြာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စက်မှုဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီများနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

Latest News