Burmese

ပုဂ္ဂလိကစက်မှုကဏ္ဍ ရက်(၁ဝဝ)အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

By: 

နေပြည်တော် ဇူလိုင် ၇

စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများအား ပုဂ္ဂလိကစက်မှုကဏ္ဍ ရက်(၁ဝဝ)အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ဥတ္တရခရိုင် ပုဗ္ဗသီရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်က အမှာစကားပြောကြားပြီး နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုဝင်းက လုပ်ငန်းဆောင်ရွက်နေမှုများအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး လျှပ်စစ်စစ်ဆေးရေးဌာနမှ ဌာနခွဲမှူး ဦးမိုးကြည်က လုပ်ငန်းခွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆွေးနွေးပြီး တက်ရောက်လာကြသူများက သိလိုသည်များမေးမြန်းရာ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟိန်းဇော်က ပြန်လည်ရှင်းလင်းခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်က ဆွေးနွေးတင်ပြ ချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့သည်။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးမှ လုပ်ငန်းရှင်များအား နည်းပညာ အကူအညီများ ပေးအပ်ကူညီခြင်းများ၊ ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာပြပွဲများတွင် ဝင်ရောက်ပြသနိုင်ရန်ကူညီခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် စုဖွဲ့ ပေးနိုင်ပါက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကာ SME member card များအား smart card ရရှိသည်အထိ ဆောင်ရွက်ပေးခြင်း၊ SME Saturday Talk အစီအစဉ်ကို ပြည်တွင်းရှိ ပညာရှင်များဖြင့် နှစ်လတစ်ကြိမ် ပြုလုပ်ပေးခြင်းနှင့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ SME ရုံးချုပ်တွင် ထုတ်ကုန်ကိုးမျိုးထုတ်လုပ်မှု သင်တန်းဖွင့်လှစ်ပေးမည်ဖြစ်ကာ အခါအားလျော်စွာ ဖွင့်လှစ်သည့်သင်တန်းများကိုလည်း မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

ကိုကိုလင်း(ပြန်/ဆက်)

Latest News