Burmese

အမှတ်(၁၆)အကြီးစားစက်ရုံ (ဆင်တဲ)တွင် ခြောက်သွားထယ်များတီထွင်စမ်းသပ်ထုတ်လုပ်

By: 

နေပြည်တော် ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ရှိ အမှတ်(၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်) သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဇူလိုင်၂ ရက်က  Transformer ထုတ်လုပ်မှု အလုပ်ရုံရှိ Core Winding Section, Core Forming Section, Coil Winding Section တို့ကိုလည်းကောင်း၊ PVC Wire Cable ထုတ်လုပ်မှုအလုပ်ရုံတွင် PVC Wire Cable အမျိုးမျိုးနှင့် PVC Wire Cable များ ထုတ်လုပ်မှု အခြေအနေတို့ကိုလည်းကောင်း၊ လျှပ်ကာအုပ် ကြေးကြိုးထုတ်လုပ်မှုအလုပ်ရုံကို လည်းကောင်း၊ Machile Tool Shop နှင့် ဆေးတင်စင်များ ထုတ်လုပ်ထားရှိမှုအခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဇူလိုင် ၃ ရက်တွင် အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ) သို့ သွားရောက်ပြီး ပြည်ထောင်စုဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းသားများအား အခြေခံနည်းစနစ်ကျွမ်းကျင်မှုရှိအောင် သင်ကြားပေးရန်လိုကြောင်း၊ လုပ်ငန်းခွင်တွင် အမှန်တကယ် ပြန်လည်အသုံးချနိုင်သည့် ဘာသာရပ်များကို သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းများကိုလည်း အဆင့်မြှင့်တင် ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လယ်ယာသုံးစက်ကိရိယာပစ္စည်း အမျိုးမျိုး ထုတ်လုပ်လျက်ရှိသည့် အမှတ်(၁၆)အကြီးစားစက်ရုံ(ဆင်တဲ) သို့ သွား ရောက်စစ်ဆေးခဲ့သည်။

အမှတ်(၁၆)အကြီးစားစက် ရုံ(ဆင်တဲ)မှ မြင်းကောင်ရေ ငါးကောင်ရှိ ရေစုပ်စက်များ၊ လက်တွန်းထွန်စက်များနှင့် ဆက်စပ်အသုံးပြုသည့် သုံးသွားပါဝါထယ်များ၊ ထွန်များ၊ ထွန်စက်ကြီးနှင့် ဆက်စပ်အသုံးပြုသည့် သုံးသွားထယ်နှင့် ၁၆ သွားထွန်များ၊ ထော်လာဂျီများ၊ နောက်တွဲယာဉ်များ၊ သံဂဟေချောင်းများ၊ ပေါက်ပြား၊ ဂေါ်ပြားစသည့် လယ်ယာသုံးကိရိယာများ ထုတ်လုပ်လျက်ရှိပြီး ယခုအခါ ခြောက်သွားထယ်များ တီထွင်စမ်းသပ် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

Latest News