Burmese

ရှမ်းပြည်နယ် အင်းလေးဒေသ၊ ဟဲယာရွာမ ကျေးရွာတွင် အခြေခံ လျှပ်စစ် ကျွမ်းကျင် လူငယ်များ လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့

By: 

စက်မှုဝန်ကြီးဌာန၏ ရက်(၁၀ဝ)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သော “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး”ကို အကောင်အထည်ဖော်သည့် အနေဖြင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့် စက်မှုဝန် ကြီးဌာနတို့ ပူးပေါင်းလျက် “စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း” အား ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဟဲယာရွာမကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၈ ရက် နေ့တွင် ဟဲယာရွာမကျေးရွာရှိ  ပညာအလင်းရောင် သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး ဦးဆွေသိန်း၊ အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူတို့က သင်တန်းဆင်း အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ထူးချွန်သင်တန်းသားများကို ဆုများ ချီးမြှင့် ပေးအပ်ခြင်းနှင့် သင်တန်းသား ကိုယ်စားလှယ်တစ်ဦးထံ သင်တန်းဆင်း အောင်လက်မှတ်များ အပ်နှင်းခဲ့သည်။

သင်တန်းကို မေလ ၂၃ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ ဖွင့်လှစ်ကာ အခြေခံ လျှပ်စစ် ကျွမ်းကျင်မှု ဘာသာရပ်ကို သင်ကြားပေးခဲ့ပြီး၊ ဒေသတွင်းရှိ လူငယ်သင်တန်းသား ၉၁ ဦး တက်ရောက်ခဲ့သည်။ သင်တန်းဆင်း လူငယ်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာကာ တစ်ဦးချင်း ဝင်ငွေတိုးပွားလာခြင်း ဖြင့် ကျေးလက်ဒေသ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။ အဆိုပါ သင်တန်းမျိုးကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Source: စက်မှုအလင်းဂျာနယ်

Latest News