Burmese

ချည်ထည်နှင့် သားရေလုပ်ငန်း စစ်ဆေးရေးသင်တန်းဆွေးနွေးပွဲ

By: 

နေပြည်တော် ဇွန် ၃၀

စက်မှုဝန်ကြီးဌာန အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်းနှင့် ကိုရီးယား သမ္မတနိုင်ငံ Korea Apparel Testing & Research Institute ( KATRI) တို့ပူးပေါင်း၍ ချည်ထည်နှင့်သားရေလုပ်ငန်းစစ်ဆေးရေး သင်တန်းနှင့်ဆွေးနွေးပွဲ (Textile Testing and Leather Testing Seminar) ကို ယနေ့ပိုင်းက နေပြည်တော်ရှိ Royal ACE ဟိုတယ်၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထည်အလိပ်ပို့ကုန် ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာဈေးကွက် ယှဉ်ပြိုင်နိုင်မည့် အရည်အသွေးကောင်းမွန်သော အထည်အလိပ်ပို့ကုန်များ ထုတ်လုပ်နိုင်ရန် စနစ်တကျ လေ့ကျင့် သင်ကြားထားသော ကျွမ်းကျင်သူများနှင့် နိုင်ငံတကာ စံချိန်စံညွှန်းမီ ခေတ်မီသော စက်နှင့်စက်ပစ္စည်း ကိရိယာ များဖြင့် ပေါင်းစပ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ကိုရီးယားနိုင်ငံ KATRI အနေဖြင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဖက် အကျိုး အမြတ် ဖြစ်ထွန်းရေးကိုရှေးရှုပြီး အမှတ် ၃ စက်မှုလုပ်ငန်းနှင့်တွဲဖက်၍ DCTT-KATRI JVC Ltd အဖြစ် မြန်မာနိုင်ငံ တွင် ဖွင့်လှစ်တည်ထောင်ပြီးပါက ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်စေရန် ရေရှည် ပူးပေါင်းလုပ်ဆောင်မှုဖြင့် အောင်မြင်နိုင် မည်ဖြစ်ကြောင်း KATRI ၏ စီမံကိန်းတာဝန်ခံ (Leather) Dr Eun Ho Shin က ပြောကြားသည်။

ယနေ့ပြုလုပ်သည့် တတိယအကြိမ် ချည်ထည်နှင့်သားရေလုပ်ငန်း စစ်ဆေးရေး သင်တန်းဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်ချုပ်စက်ရုံ များနှင့် ပုဂ္ဂလိက အထည်ချုပ်စက်ရုံများမှ သင်တန်းသား ၅၆ ဦး တက်ရောက် ဆွေးနွေးသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းမှာ ၃ နှစ်ကြာမည်ဟု သိရသည်။

သတင်း Video Link

Source: MOI Webportal

Latest News