လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉) ဖွင့်လှစ်ခြင်း

By: 

     စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉)သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅)ရှိ လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းခန်းမ၌ (၃.၆.၂၀၁၉)ရက်နေ့ (၁၄းဝ၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
     အခမ်းအနားတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
     သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်နည်းပညာတက္ကသိုလ်မှ အငြိမ်းစားဆရာကြီး ဦးမိုးအောင်(တက္ကသိုလ်မိုးဝါ)၊ လျှပ်စစ်စစ်ဆေးရေးဌာနမှ အငြိမ်းစားဆရာကြီးများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား/ သင်တန်းသူ(၁၁၈)ဦး အပါအဝင် စုစုပေါင်း(၁၃၀)ဦး တက်ရောက်သည်။
     လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉)သို့ စက်မှုဝန်ကြီးဌာနမှ သင်တန်းသား/ သင်တန်းသူ(၁၀)ဦး၊ အခြားဝန်ကြီးဌာနမှ သင်တန်းသား(၈)ဦးနှင့် ပြင်ပ သင်တန်းသား(၁၀ဝ)ဦး၊ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ(၁၁၈)ဦး တက်ရောက်သည်။
လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအား လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာများ ပိုမိုသိရှိလာစေရန်၊ လုပ်ငန်းနယ်ပယ် အသီးသီးတွင် လျှပ်စစ်လုပ်ငန်းများအား အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်တတ်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းကို တစ်နှစ်လျှင်(၂) ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယခုသင်တန်းမတိုင်မီ သင်တန်း(၄၁)ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၃၃၈၈)ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်းအား (၃.၆.၂၀၁၉)ရက်နေ့မှ (၁၂.၇.၂၀၁၉)ရက်နေ့ထိ (၆)ပတ်ကြာဖွင့်လှစ်၍ လုပ်ငန်းခွင်တွင် လက်တွေ့ဆောင်ရွက် နေသော အတွေ့အကြုံရှိ နည်းပြများမှ စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။

Latest News