စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို စက်မှုသင်တန်းကျောင်းများနှင့် အထည်စက်ရုံများအား ကြည့်ရှုစစ်ဆေး

By: 

နေပြည်တော်၊ ဧပြီ (၈)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှ (၇)ရက်နေ့ထိ အမှတ်(၇) စက်မှုသင်တန်းကျောင်း(မုံရွာ)၊ အမှတ် (၄) စက်မှု သင်တန်းကျောင်း (ပခုက္ကူ)၊ အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး) နှင့် အမှတ် (၅) အထည်စက်ရုံ(ပခုက္ကူ)တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 
ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ(၅)ရက်နေ့ ညနေပိုင်းတွင် အမှတ်(၇)စက်မှု သင်တန်းကျောင်း (မုံရွာ) စီမံကိန်းသို့ရောက်ရှိပြီး မော်တော်ကားပြုပြင်ထိန်းသိမ်းရေး သင်တန်းအလုပ်ရုံ၊ သတင်းအချက်အလက်နှင့်နည်းပညာသင်တန်းအလုပ်ရုံ၊ လျှပ်စစ် သင်တန်းအလုပ်ရုံ၊ CNC သင်တန်းအလုပ်ရုံ၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်သင်တန်း အလုပ်ရုံများတွင် သင်ထောက်ကူစက်နှင့် စက်ပစ္စည်းများ နေရာချတပ်ဆင်ရန် စီစဉ် ဆောင်ရွက်နေမှုများ၊ သင်တန်းကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုပြီး သင်တန်း ကျောင်းအား နိုင်ငံတကာစံနှုန်းများအတိုင်း ရေလိုင်း၊ မီးလိုင်းများနှင့် မီးငြိမ်းသတ်ရေး စနစ်တပ်ဆင်ရန်၊ လိုအပ်သောအခန်းများတွင် လေအေးပေးစနစ်များ ထည့်သွင်းတပ်ဆင်ရန် နှင့် စွမ်းအင်သုံစွဲမှုလျော့နည်းစေမည့် အဆောက်အဦပုံစံများဖြင့် တည်ဆောက်ရန်၊ ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်နေသော သင်တန်းသစ်များကို ထည့်သွင်းရန်၊ လက်တွေ့အလုပ်ရုံများနှင့်ပူးတွဲသင်တန်းပို့ချရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ဖြေရှင်းပေးခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၆) အထည်စက်ရုံ (ဆားလင်းကြီး) သို့ ရောက်ရှိရာ လက်ရှိဝန်ထမ်းအင်အားနှင့်ကုန်ထုတ်လုပ်မှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက် သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် စက်ရုံတွင် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းစိမ်းတူညီဝတ်စုံများ ချုပ်လုပ်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ထုတ်ကုန် အရည်အသွေးကောင်းမွန်မှုကို အမြဲတမ်းထိန်းသိမ်းထားရန်၊ ဈေးကွက်ဝင် ထုတ်ကုန် အမယ်သစ်များ တိုးချဲ့ထုတ်လုပ်ရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ် ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးရန် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ (၆) ရက်နေ့ ညနေပိုင်းတွင် အမှတ် (၄) စက်မှု သင်တန်းကျောင်းသို့ ရောက်ရှိရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ ပုံမှန်(၁)နှစ် သင်တန်းနှင့် ရွေ့လျားစက်မှုသင်တန်းများ ဖွင့်လှစ်နေမှုအခြေအနေ၊ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်း၍ (၅)နှစ်တာ သင်တန်းကျောင်းဘက်စုံပြုပြင်ထိန်းသိမ်းရေး စီမံကိန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ စက်မှုသင်တန်းကျောင်းများ၏ အဓိကရည်ရွယ်ချက်မှာ သင်တန်းသားများအား ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင် မည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို တက်မြောက်သည်အထိ လေ့ကျင့်သင်ကြား ပေးရန်ဖြစ်ကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင် အခက်အခဲမရှိ လုပ်ကိုင်နိုင်အောင် စာတွေ့ လက်တွေ့ကို သင်တန်းကျောင်းမှာပင် စနစ်တကျလေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် စက်မှုသင်တန်းကျောင်းများမှ  ဘာသာရပ်တူ သင်တန်းများအတွက် Standard Common Curriculum ရေးဆွဲသင်ကြားသွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ (၇) ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၅) အထည် စက်ရုံသို့ရောက်ရှိပြီး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်တွင်  လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အကာအကွယ်ပစ္စည်းများ ပြည့်စုံစွာဝတ်ဆင်ကြရန်၊ ထုတ်ကုန်အရည်အသွေး ကောင်းမွန် စေရေးအတွက် ကုန်ထုတ်လုပ်ငန်းစဉ်တစ်လျှောက် တာဝန်ရှိသူအဆင့်ဆင့်မှ တိတိကျကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
 
(သတင်းစဉ်)

Latest News