သာဂရစက်မှုနယ်မြေရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် ဂုဏ်ပြုညစာစားပွဲနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနား ကျင်းပ

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် (၁၀.၂.၂၀၁၉) ရက်နေ့ ညနေပိုင်းတွင် အမှတ်(၁၅)အကြီးစားစက်ရုံ၌ ကျင်းပပြုလုပ်သည့် သာဂရစက်မှု နယ်မြေရှိ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအတွက် ဂုဏ်ပြုညစာစားပွဲနှင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စရပ်များနှင့် လုပ်ငန်းခွင် ပျော်ရွှင်စေရေးတို့အတွက် တတ်နိုင်သလောက် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သာဂရစက်မှုနယ်မြေမှ ဝန်ထမ်းများ အနေဖြင့် အစိုးရသစ်၏ (၃)နှစ်တာကာလအတွင်း မှတ်ကျောက်တင်နိုင်သည့် လုပ်ငန်းများ ဖြစ်သည့် Ambulance ၊ Silo ၊ Turbine ၊ Vocational Training ကားများ၊ ဈေးကားများ ကဲ့သို့သော ထုတ်ကုန်အသစ်များကို တီထွင်ထုတ်လုပ်နိုင်ခဲ့သဖြင့် ယခုလိုဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လာမည့်နှစ်များတွင် ပုံစံသစ် Ambulance ယာဉ်များအပြင် လယ်ယာသုံးကိရိယာများ၊ Training ကားများနှင့် e Bus များ ကိုပါ ဆက်လက်ထုတ်လုပ်ရန်လိုကြောင်း၊ လုပ်ငန်းများတီထွင်ကြံဆရန်အတွက် အားသစ်များ မွေးထားရန်လိုကြောင်း၊ စိတ်ပင်ပန်းနွမ်းနယ်နေမှုများကို ဖြေလျော့ပြေပျောက်စေပြီး အားအင် သစ်များရရှိစေရန်၊ လုပ်ငန်းတာဝန်များကို ယခင်ကထက် ပိုမိုစွမ်းဆောင်လာနိုင်စေရန်၊ အချင်းချင်း စည်းလုံးညီညွှတ်ပြီး အဖွဲ့အစည်းစိတ်ဓါတ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ညစာစားပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ နောင်လာမည့်နှစ်များတွင် လည်း စက်မှုကဏ္ဍအခြေခံမှသည် ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ဝင်ရောင်းချနိုင်သည်အထိ တီထွင်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို သစ္စာရှိစွာဖြင့် မိမိတို့ကိုယ်ပိုင်လုပ်ငန်းသဖွယ် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားကြရန် ပြောကြားသည်။

  

အစီအစဉ်အရ အမှတ်(၁၅)အကြီးစားစက်ရုံ စက်ရုံမှူးက သာဂရစက်မှုနယ်မြေရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ညစာစားပွဲနှင့်ပျော်ပွဲရွှင်ပွဲ ကျင်းပပြုလုပ်ပေးသဖြင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

  

အဆိုပါ ပျော်ပွဲရွှင်ပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး ဒေါ်သစ်သစ်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ သာဂရစက်မှုနယ်မြေရှိ ဝန်ထမ်း များနှင့်ဝန်ထမ်းမိသားစု (၁၀ဝ၀)ကျော်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက် ကြသည်။

  

ညစာစားပွဲအပြီးတွင် ဝန်ထမ်းများအား ဆိုင်ကယ်၊ TV ၊ ဗီဒို၊ ပလတ်စတစ်အိမ်သုံး ပစ္စည်းအမျိုးမျိုး၊ အဝတ်အထည်အမျိုးမျိုးနှင့် လျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့ကို မဲဖောက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူတို့က ဆုများပေးအပ်ခဲ့ကြသည်။

  

  

  

  

Latest News