PUM Netherlands Senior Experts အဖွဲ့အစည်းသို့ ချိတ်ဆက်၍ နည်းပညာများတောင်းခံနိုင်ကြောင်းသတင်းအချက်အလက်မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ခြင်း

By: 

စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ MSMEs များကိုနည်းပညာများထောက်ပံ့ပေးလျက်ရှိသည့် PUM Netherlands Senior Experts အဖွဲ့အစည်းသို့ ချိတ်ဆက်ပြီးနည်းပညာအထောက်အပံ့များလျှောက်ထားနိုင်ကြောင်း သတင်းအချက်အလက်များ မျှဝေသည့်အလုပ်ရုံဆွေးနွေးပွဲကိုမကွေးတိုင်းဒေသကြီး SME Agency ၏ ပံ့ပိုးမှု ဖြင့် (၂၁.၁.၂၀၁၉) ရက်နေ့တွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဒေါ်အေးအေးဝင်းနှင့် PUM အဖွဲ့အစည်းမှ ပညာရှင်များနှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

    

ရှေးဦးစွာမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီးဦးဇော်မင်းမှ "နည်းပညာဆိုင်ရာပံ့ပိုးမှုအချက်အလက်မျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲ" ကို ကျင်းပပြုလုပ်ခွင့်ရရှိသည့်အတွက် PUM အဖွဲ့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဦးဆောင်ပြီးကျင်းပပေးတဲ့ မကွေးတိုင်းဒေသကြီး SME Agency အဖွဲ့နှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအားလုံးကို အထူးပင်ကျေးဇူးတင်ပါကြောင်း၊ PUM မှယခင်ကလည်းကြက်သွန်စိုက်ပျိုးမှုနှင့်ပတ်သက်သည့်နည်းပညာနှင့် အာလူးစိုက်ပျိုးမှုနှင့်ပတ်သက်သည့်နည်းပညာများကိုပံ့ပိုးကူညီခဲ့ပါကြောင်း၊ ၎င်းနည်းပညာများသာမက မကွေးတိုင်းအတွက် နှမ်းစိုက်ပျိုးမှုနှင့်ပတ်သက်တဲ့နည်းပညာများ၊ Alpha-toxin ကင်းအောင်ဆောင်ရွက်မည့်နည်းပညာများ၊ ဝါနှင့်ပတ်သက်တဲ့ Supply Chain တလျှောက်လိုအပ်သည့် နည်းပညာများမှာ အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ PUM မှ လာရောက်ပြီးနည်းပညာမျှဝေတဲ့ပွဲမှာ တက်ရောက်လာတဲ့လုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးထားပြီး အကျိုးရှိရှိဆွေးနွေးမေးမြန်းကြပါစေလိုကြောင်း စသဖြင့်ပြောကြားခဲ့ပါသည်။

  

ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ ကြွရောက်ချီးမြှင့်ပေးပါသော မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ PUM Netherland Senior Experts တာဝန်ခံ ဦးကျော်မျိုးကို၊ ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး အထူးကျေးဇူးတင်ရှိပါကြောင်း၊ အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှတင်ပို့တဲ့ Export အများစုဟာ ကုန်ကြမ်းအနေဖြင့်သာ တင်ပို့နေကြပါကြောင်း၊ Value Added Product များအဖြစ် တင်ပို့နိုင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်နဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို မြှင့်တင်ပေးဖို့လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် နည်းပညာလိုအပ်ချက်တွေကို ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်းမှုတွေ မလုပ်ဘဲ မိမိတို့သိသမျှနဲ့ထုတ်လုပ်နေကြတဲ့အခါ အရည်အသွေးမမှီတဲ့အတွက် ဈေးကွက်မှာမယှဉ်ပြိုင်နိုင်ပါကြောင်း၊ ဒါကြောင့်ထုတ်လုပ်မှုနှင့် ဆိုင်တဲ့နည်းပညာအသစ်တွေကို ထပ်ပြီးသိဖို့လိုပါကြောင်း၊ ယခု PUM အနေနဲ့ ပံ့ပိုးခဲ့သည့် နည်းပညာအမျိုးအစားပေါင်း (၄၀) ကျော်ရှိပြီ ဖြစ်ပါကြောင်း၊ ခြေတုလက်တု ပြုလုပ်သည့် နည်းပညာ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့်နည်းပညာ၊ ဂန္ဓမာပန်းစိုက်ပျိုးထုတ်လုပ်သည့်နည်းပညာ၊ ဈေးကွက်ဝင်အရည်အသွေးမီဆားထုတ်လုပ်သည့်နည်းပညာ၊ စဉ့်ထည်တွေကို မိရိုးဖလာထင်းမီးဖိုကနေ ဂက်စ်မီးဖိုဖြင့်ထုတ်လုပ်သည့်နည်းပညာ၊ ဂျုံခေါက်ဆွဲကြာရှည်ခံအောင် ပြုလုပ်သည့်နည်းပညာ၊ အခုဆိုလိုရှိရင် ပဲကတ်ကြော်နည်းပညာတွေ Export အဆင့်မီထန်းလျှက်ပြုလုပ်တဲ့နည်းပညာတွေ ပံ့ပိုးပေးလျှက် ရှိပါကြောင်း ၊ PUM Netherland Expert အဖွဲ့အစည်းမှ ပညာရှင်များသည် သက်ဆိုင်ရာနယ်ပယ်များတွင် အနည်းဆုံးနှစ် (၃၀)လောက် ရှိပြီးတဲ့သူတွေဖြစ်ပါကြောင်း၊ နည်းပညာတစ်ခုရဖို့အတွင် အခက်အခဲ၊ ငွေကုန်ကြေးကျမှုများစွာရှိပါကြောင်း၊ ဒီလိုတန်ဖိုးရှိတဲ့ နည်းပညာတွေကို PUM ကနေပြီး စေတနာနှင့်အကူအညီပေးတဲ့အခါမှာ ပေးနေတဲ့အချိန်လေးမှာ ရယူဖို့လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်တွေအနေနဲ့လည်းသင်ကြားပေးမယ့် Capacity တွေကိုရောနည်းပညာတွေကိုပါ SME ဌာနရဲ့ Facebook Page၊ Ministry of Industry Facebook Page များမှ ကြေညာပေးတဲ့အတွက် ဝင်ရောက်ဖတ်ရှုသင့်ပါကြောင်း၊ Website အနေနဲ့ www.myanmarsme.mm ကိုဝင်ရောက်လေ့လာနိုင်ပါကြောင်း ၊ လုပ်ငန်းရှင်များအနေနဲ့ ဌာနကဝန်ဆောင်မှုပေးနေတာကိုယုံကြည်ပြီးတော့ Facebookနဲ့ Websiteဝင်ရောက်ကြည့်ရှုတာတွေ၊ သတင်းအချက်အလက်ရယူတာတွေကိုပြုလုပ်ခြင်းဖြင့် လက်ဦးမှုရယူနိုင်ပါကြောင်း၊ ယခုမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စိတ်စေတနာထက်သန်စွာနဲ့ ပံ့ပိုးကူညီပေးခြင်း၊ မကွေးသူ/မကွေးသားတွေကလည်းအရမ်းကြိုးစားတဲ့အတွက် ထပ်ပြီးတော့ ပံ့ပိုးချင်တဲ့အတွက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲကိုတက်ရောက်ခြင်းဖြင့် နည်းပညာတောင်းခံဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ဖြည့်ရမဲ့အချက်အလက်တွေကို သိရှိလာမှာဖြစ်ကြောင်း၊ မရှင်းလင်းတဲ့အချက်တွေကို ဌာနအနေနဲ့ရော၊ PUM Netherlands Senior Expert မှ တာဝန်ရှိသူတွေကပါ ဝိုင်းဝန်းပြီးတော့ ကူညီပေးမှာဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံရဲ့ Value added ကုန်ပစ္စည်းတွေထွက်ဖို့ ယခုနည်းပညာတွေကို ဆရာတို့ရဲ့ အရည်အသွေးတွေနဲ့ ပေါင်းစပ်ပြီးတော့ နိုင်ငံတကာဈေးကွက်ကို Export တင်ပို့နိုင်ဖို့၊ ဈေးကွက်တွေနေရာရဖို့ကို ဆောင်ရွက်လာကြနိုင်ဖို့ မျှော်လင့်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး Representative of PUM Netherlands Senior Expertဦးကျော်မျိုးကိုမှ နည်းပညာရယူလိုကြောင်းလျှောက်ထားရာတွင် လုပ်ဆောင်ရမည့်အဆင့်များ၊ လိုအပ်ချက်များနှင့် ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့ကာJumjelသဘာဝဇီး၊ မန်ကျည်းဖျော်ရည်လုပ်ငန်းပိုင်ရှင် ဒေါ်သက်စုဌေးမှ PUM Netherlands Senior Expert မှ နည်းပညာအထောက်အပံ့ရရှိခဲ့ခြင်းကြောင့် လုပ်ငန်းအတွက် ရရှိခဲ့သည့်အကျိုးကျေးဇူးများကိုရှင်းပြပေးခဲ့ပါသည်။

အဆိုပါ PUM Netherlands Senior Experts အဖွဲ့အစည်းသို့ ချိတ်ဆက်၍ နည်းပညာများတောင်းခံနိုင်ကြောင်းသတင်းအချက်အလက်မျှဝေခြင်းအလုပ်ရုံဆွေးနွေးပွဲသို့ စုစုပေါင်းလူ(၃၆၁) ဦး တက်ရောက်လေ့လာဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကျင်းပပြုလုပ်လျက်ရှိသည့် မကွေးမြို့တော်ခန်းမရှေ့တွင် တက်ရောက်သူ လုပ်ငန်းရှင်များမှ မိမိတို့၏ ထုတ်ကုန်များကို ပြသရောင်းချသည့် အစီအစဉ်ကို ထည့်သွင်းဆောင်ရွက်ခဲ့ပြီး စုစုပေါင်းလုပ်ငန်းရှင်(၁၅) ဦး ပြသရောင်းချခဲ့ပါသည်။

Latest News