သင်ကြားရေးအထောက်အကူပြု ရွေ့လျား လေ့ကျင့်၊ သရုပ်ပြ လူနာတင်ယာဉ်တု (Ambulance Simulator) လှူဒါန်းခြင်း အခမ်းအနားကျင်းပ

By: 

စက်မှုဝန်ကြီးဌာနမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ သင်ကြားရေးအထောက်အကူပြု ရွေ့လျား လေ့ကျင့်၊ သရုပ်ပြ လူနာတင်ယာဉ်တု (Ambulance Simulator) လှူဒါန်းပေးအပ်စဉ်
နေပြည်တော်၊ ဒီဇင်ဘာ (၁၂)
     စက်မှုဝန်ကြီးဌာနမှထုတ်လုပ်ထားရှိသည့် သင်ကြားရေးအထောက်အကူပြု ရွေ့လျား လေ့ကျင့်၊ သရုပ်ပြ လူနာတင်ယာဉ်တု (Ambulance Simulator) လှူဒါန်းခြင်း အခမ်းအနားကို ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရီမြို့နယ်ရှိ ကုတင်(၅၀)ဆံ့ ဆေးရုံဝင်းအတွင်းရှိ အရေးပေါ်အသက်ကယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးတက္ကသိုလ်(၁) (ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ စက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်သည်။
     အစီအစဉ်အရ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးကံချွန်မှ စက်မှုဝန်ကြီးဌာနမှ တပ်ဆင်ထုတ်လုပ်ထားသည့်  Ambulance မော်တော်ယာဉ်(၅၅)စီးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ (၁၅)စီးနှင့် ကုသရေးဦးစီးဌာနသို့ (၄၀)စီး လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနရှိ ဝန်ထမ်းများကို လူနာတင်ယာဉ်များအား အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် သင်ကြားရေး အထောက်အကူပြု ရွေ့လျား လေ့ကျင့်၊ သရုပ်ပြ လူနာတင်ယာဉ်တု (Ambulance Simulator) လှူဒါန်းခြင်းဖြစ်ကြောင်း၊ ထို့အပြင် လူနာတင်ယာဉ်များ ဖြင့်လိုက်ပါပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်သူများအနေဖြင့် ယာဉ်များပေါ်တွင် ပါရှိသည့် Medical Equipment & Accessories များကို ရင်းနှီးကျွမ်းဝင်ပြီး စွမ်းအားပြည့်အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ယခု လှူဒါန်းသော Ambulance Simulator အား အသုံးပြု၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုလုပ်ကိုင်နိုင်ပြီး ပြည်သူလူထု၏အသက်ပေါင်းများစွာကို ဘေးအန္တရာယ် ကင်းရှင်းစွာ ကယ်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးတက္ကသိုလ်(၁)(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက စက်မှုဝန်ကြီးဌာနမှ သင်ကြားရေး အထောက် အကူပြု Ambulance Simulator အားလှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင်Ambulance Simulator တစ်ခုရှိသော်လည်း ရွေ့ပြောင်းသုံးစွဲနိုင်ခြင်းမရှိသည့်အတွက် ယခုလို Mobile Simulator လှူဒါန်းသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ယခုလှူဒါန်းသည့် Ambulance Simulator ကို အသုံးပြု၍ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ကျန်းမာရေးဝန်ထမ်းများအား Medical Equipment & Accessories များကို ကျွမ်းကျင်ပိုင်နိုင်အောင် အသုံးပြုနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ Mobile Simulator ဖြစ်သည့်အတွက် လူမှုရေးအသင်းအဖွဲ့များကိုပါ လေ့ကျင့် သင်ကြားပေးသွားနိုင်မည်ဖြစ်ကြောင်း၊ Ambulance ယာဉ်တစ်စီးပေါ်တွင် ပါဝင်သည့်အတိုင်း Medical Equipment များ တပ်ဆင်ထား၍ အကြိမ်ကြိမ်လေ့ကျင့်သင်ကြား နိုင်သည့်အတွက် များစွာအထောက်အကူပြုသဖြင့် ပြည်သူများအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
      ဆက်လက်၍ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်ထားသော သင်ကြားရေး အထောက် အကူပြု ရွေ့လျား လေ့ကျင့်၊ သရုပ်ပြ လူနာတင်ယာဉ်တု (Ambulance Simulator)အား ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန်မှ လွှဲပြောင်းပေးအပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက လက်ခံရယူပြီး တာဝန်ရှိသူများမှ Ambulance Simulator အား လိုက်လံရှင်းလင်းပြသသည်။
     စက်မှုဝန်ကြီးဌာနအနေဖြင့် Ambulance Simulator (၁)စီးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက် နှင့်အညီ ရွေ့လျား လေ့ကျင့်၊ သရုပ်ပြ လူနာတင်ယာဉ်တုအဖြစ် ဝန်ကြီးဌာနရှိပညာရှင်များမှ ဒီဇိုင်းရေးဆွဲ၍ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ Ambulance Simulator တွင် Medical Equipment & Accessories (၂၆)မျိုး တပ်ဆင်ထားရှိသည့် အပြင် သယ်ယူရွေ့ပြောင်းရာတွင် လွယ်ကူစေရန်အတွက် Steering System ၊ Brake System ၊ တွဲယူနိုင်ရန် Draw Bar နှင့် Eye Ring တို့အား တပ်ဆင်ထားရှိပါသည်။ စက်မှုဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများနှင့် ပရဟိတ အသင်းအဖွဲ့များအတွက် လိုအပ်သော Ambulance မော်တော်ယာဉ်များကို Customer များ၏ လိုအပ်မှုအခြေအနေအတိုင်း မော်တော်ယာဉ်၊ Trimming Parts နှင့်  Medical Equipment များဖြင့် စိတ်တိုင်းကျ တပ်ဆင်ထုတ်လုပ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Latest News