စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီးဖြစ်သူ H. E. Mr. Ronen Gilor ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

By: 

နေပြည်တော်၊ ဒီဇင်ဘာ (၄) 
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီးဖြစ်သူ H. E. Mr. Ronen Gilor ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် (၀၉:၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
     ထိုသို့တွေ့ဆုံစဉ် အစ္စရေးနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ချစ်ကြည်ရင်းနှီးစွာ သံတမန် ဆက်ဆံရေးဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း(၇၀)ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်းသစ်တီထွင်မှုများ (Innovation) ဆောင်ရွက်နိုင်ရေးတို့အတွက် နည်းပညာနှင့်အရင်းအနှီးများ အထောက်အပံ့ပေးနိုင်ရေးကိစ္စရပ်များ၊ စက်မှုဝန်ကြီးဌာနရှိ စက်ရုံများနှင့် စီမံကိန်းများ၌ အစ္စရေးနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
     ထို့နောက် မြန်မာနိုင်ငံ၏စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်တည်တံ့စွာ ဆောင်ရွက်သွားနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆရာနှင့် လူသားအရင်းအမြစ်များ ဗဟိုပြုသင်တန်းကျောင်း (Centric Teachers and Human Resources Training Center) (၁)ခုအား အစ္စရေးနိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ရေးတို့အားလည်းကောင်း၊ ဒီဇိုင်းနှင့် တီထွင်ဖန်တီးမှု သင်တန်းများ၊ သုတေသနနှင့် ဓါတ်ခွဲခန်းများ တည်ထောင်ဖွင့်လှစ်ရေး၊ သက်မွေးပညာ (Vocational Training)များကို ရေတိုကာလအတွင်း လက်တွေ့အသုံးချနိုင်ရန် လေ့ကျင့်သင်တန်းပေးရေး၊ ရေရှည်တွင် ဆန်းသစ်တီထွင်မှုများကို ဈေးကွက်နှင့်အညီ ထုတ်လုပ်နိုင်ရေးတို့ကို သင်ကြားပို့ချပေးရေးတို့နှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။
     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Latest News