စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးဖြစ်သူ H. E. Mr. HONG Liang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ (၂၇)

       စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးဖြစ်သူ H. E. Mr. HONG Liang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၂၇.၁၁.၂၀၁၈) နေ့ (၁၀း၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

        ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံ China Development Bank (CDB) ချေးငွေဖြင့် တည်ထောင်ခဲ့သည့် စက်မှုဝန်ကြီးဌာန၏ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းနှင့် ပတ်သက်၍ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ သံနှင့်သံမဏိ လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ ငွေကြေးနှင့် အခြားလိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်နိုင်ရေးနှင့် အနာဂတ်ကာလတွင် မြန်မာ နိုင်ငံ၏ သံနှင့်သံမဏိထုတ်လုပ်မှုကဏ္ဍ ရေရှည်အကျိုးဖြစ်ထွန်းစေနိုင်မည့် အခြေအနေ များနှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြုဆွေးနွေးခဲ့ပါသည်။

        ထို့နောက် တရုတ်-မြန်မာနှစ်နိုင်ငံအကြား တည်ရှိပြီးသော ခိုင်မြဲသည့်မိတ်ဖက် ဆက်ဆံရေးကို အခြေပြုသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွား နိုင်ရန်အတွက်  ရှေ့ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ စက်မှုဝန်ကြီးဌာနရှိ စက်ရုံများတွင် စက္ကူနှင့်ပျော့ဖတ်ထုတ်လုပ်ခြင်းကဏ္ဍ၊ လယ်ယာသုံးစက်ယန္တရားများ ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်ထုတ်လုပ်ခြင်းကဏ္ဍ၊ စက်မှုနယ်မြေများထူထောင် ခြင်း၊ရေအားလျှပ်စစ်တာဘိုင်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News