စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အမှတ်(၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) ၏ မှန်ရည်ကျိုမီးဖိုဖွင့်ပွဲ အခမ်းအနားတက်ရောက်

By: 

နေပြည်တော်၊ နိုဝင်ဘာ (၁၉)
      ကျောက်ဆည်စက်မှုနယ်မြေရှိ အမှတ်(၃၆)အကြီးစားစက်ရုံတွင် ကျင်းပပြုလုပ်သည့် မှန်ရည်ကျိုမီးဖိုဖွင့်ပွဲအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစိုးသန်းနှင့် International Glass Co., Ltd. မှ မန်းနေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
      အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်များသည် ရှုရပ်သို့ရောက်ရှိပြီး စက်မှုနယ်မြေရှိစက်ရုံများနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးကြပါသည်။
ထို့နောက် International Glass Co., Ltd. မှ မန်နေဂျင်းဒါရိုက်တာဦးဇော်ဝင်းက အမှတ် (၃၆) အကြီးစားစက်ရုံ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများ၊ စက်မှု ဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဌေး က စက်ရုံ၏သမိုင်းကြောင်း၊ မှန်ရည်ကျိုမီးဖိုအသစ် တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက် များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီးနောက် မှန်စက်ရုံ၏ ယခင်လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် မှန်ရည်ကျိုမီးဖိုသစ်နှင့် မှန်အမျိုးမျိုး ထုတ်လုပ်သွားမည့် အစီအစဉ်တို့ကို Video Clip ဖြင့် ရှင်းလင်းပြသပါသည်။
      ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ဖဲကြိုးဖြတ် စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပါသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးက မှန်ရည်ကျို မီးဖို တည်ဆောက်ရာတွင် အမြန်ပြီးစီးအောင် ကြိုးစားဆောင်ရွက်ပေးခဲ့ကြသော နိုင်ငံခြားသား ပညာရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီး နှင့် ဧည့်သည်တော်များသည် မှန်ရည်ကျိုမီးဖိုသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုကြပါသည်။
      ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် စက်ရုံရှေ့တွင် ဖွင့်ပွဲ အမှတ်တရ သစ်ပင်စိုက်ပျိုးခဲ့ပါသည်။
  
 
      အမှတ် (၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) ကို ၂ဝ၁၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး မှန်အမျိုးမျိုးနှင့် လုံခြုံရေးမှန်များကို ထုတ်လုပ်ခဲ့ကြောင်း၊ ယခုမှန်ရည်ကျိုမီးဖိုသစ် တည်ဆောက်ပြီးနောက် ယခင်တစ်နေ့လျှင် မှန်တန်ချိန် (၁၀၀) ထုတ်လုပ်ရာမှ ယခုအခါ တန်ချိန် (၂၅ဝ) အထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ယခင် မှန်အကျယ် (၈) ပေသာ ထုတ်လုပ်နိုင်ရာမှ ယခုအခါ (၁၂) ပေအထိ ထုတ်လုပ်နိုင်ကြောင်း၊ အလွှာထပ်မှန်၊ အားဖြည့်မှန်၊ မော်တော်ယာဉ်လေကာမှန်နှင့် အထူ (၃) မီလီမီတာမှ (၁၂) မီလီမီတာအထူရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး မှန်အမျိုးမျိုးကို ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ စက်ရုံပြန်လည်လည်ပတ်ပြီး ရက်(၂၀)အတွင်း အနံ(၁၂)ပေရှိ မှန် တန်ချိန်(၂၀၀၀)ခန့် ထုတ်လုပ်ခဲ့ပြီး ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံသို့တင်ပို့ရန် ညှိနှိုင်းဆွေးနွေးပြီးဖြစ်၍ မကြာမီတင်ပို့သွားမည် ဖြစ်ကြောင်း၊ အလားတူအာဆီယံနိုင်ငံများသို့ တင်ပို့နိုင်ရေး ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ ရွှေတိဂုံစေတီတော်အောက်ပစ္စယံတွင် တည်ဆောက်မည့် ရွှေစင်ရွှေပြားကြိတ်စက်ရုံ၌ အသုံးပြုရန်အတွက် အားဖြည့်မှန် (Tempered Glass) များ ထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။
       ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ် (၃၃) အကြီးစား စက်ရုံသို့ ရောက်ရှိပြီး Control Room မှ ဘိလပ်မြေထုတ်လုပ်နေမှုများ၊ စွန့်ပစ်အပူမှ လျှပ်စစ်ပြန်လည်ထုတ်ယူသည့် Waste Heat Recovery Plant တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးပြီးနောက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စက်ရုံလည်ပတ်ခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံချက် (Environmental Management Plan) အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် (CSR) လူမှုရေးတာဝန်သိမှု လုပ်ငန်းများဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
  

Latest News