စက်မှုဝန်ကြီးဌာန၏ တေရသမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)တွင် ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ (၁၄)
     စက်မှုဝန်ကြီးဌာန တေရသမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
     အခမ်းအနားသို့ သီရိဂန္တမာသပြေအေး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာလာ၊ သီရိမင်္ဂလာဘုံမြင့်စံကျောင်း၊ တပ်ဦးကျောင်း၊ အေးမြရွှေပြည်ကျောင်း၊ စိန္တာမုနိကျောင်း၊ ကျောင်းသစ်ကျောင်း၊ မြို့လယ်ကျောင်း၊ အုန်းတောတောင်ကျောင်းနှင့် စမ်းမြိုင်တောရကျောင်းတို့မှ သံဃာတော်(၁၅)ပါးကြွရောက် ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ဇနီး ဒေါ်သစ်သစ်အောင်၊ ဌာနအကြီးအကဲများနှင့် ဇနီးများ၊ ဝန်ထမ်းများမှ တက်ရောက်ကြည်ညိုကြသည်။
     ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီးနောက် သီရိဂန္တမာသပြေအေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာလာထံမှ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး အမှူးပြုသော ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် သံဃာတော်များက မေတ္တသုတ်နှင့် ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဇျယ်ချီးမြှင့်တော်မူကြသည်။
     ၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့်ဇနီး ဒေါ်သစ်သစ်အောင်တို့က ဆရာတော်ကြီးထံ စက်မှုဝန်ကြီးဌာနမှထုတ်လုပ်သည့် သစ္စာလေးခိုင် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ဌာနအကြီးအကဲများနှင့်ဇနီးတို့က သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့်ဇနီး ဒေါ်သစ်သစ်အောင်၊ ဧည့်ပရိတ်သတ်များက သီရိဂန္တမာသပြေအေးမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာလာထံမှ ကထိန်အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍  အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
     ယနေ့ကျင်းပသည့် စက်မှုဝန်ကြီးဌာန၏ တေရသမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ငွေကျပ်(၁၈,၁၇၄,၅၅၀)တန်ဖိုးရှိ ပဒေသာပင်များကို လှူဒါန်း ခဲ့ကြသည်။
     အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့်ဇနီး ဒေါ်သစ်သစ်အောင်၊ ဧည့်ပရိတ်သတ်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

Latest News