သာဂရစက်မှုနယ်မြေတွင် Electric Bus များထုတ်လုပ်ရန်နှင့် Charging Station များ ပူးပေါင်းတည်ဆောက်ရန် AoD လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ (၄)
     စက်မှုဝန်ကြီးဌာနနှင့် Green Power Myanmar Co., Ltd တို့သည် ဟန်ဂေရီနိုင်ငံ၊ Csepel Holding Limited ၏ပူးပေါင်းပါဝင်မှုဖြင့် လျှပ်စစ် Bus များ ထုတ်လုပ်ရန်နှင့် Charging Station များ ပူးပေါင်း တည်ဆောက်ရန် အတွက် (ဆွေးနွေးသဘောတူညီမှုစာလွှာ)AoD လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နိုဝင်ဘာလ(၄)ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ သာဂရ စက်မှုနယ်မြေရှိ သုတေသန နှင့်ဖွံ့ဖြိုးရေးဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီနိုင်ငံ ၏ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဒေါ်တင့်တင့်လွင် ၊ Csepel Holding Limited မှ ဒါရိုက်တာ Mr. Kalaichelvan ၊ Green Power Myanmar Co., Ltd မှ အမှုဆောင်ဒါရိုက်တာ ဦးတင်မောင်ကျင်၊ Oriental Transportation Enterprise Co.,Ltd မှ တာဝန်ရှိသူများ နှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုမှ အဖွင့်အမှာစကား ပြောကြားရာတွင် လျှပ်စစ်ဘတ်စ်ကားများ ပူးပေါင်း ထုတ်လုပ်ရန် ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ယနေ့ကမ္ဘာပေါ်တွင် ရုပ်ကြွင်း လောင်စာများ အသုံးပြုခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှုနှင့် ဖန်လုံအိမ် အာနိသင်ကြောင့် ကမ္ဘာကြီး၏ အပူရှိန် မြင့်တက်လျက်ရှိပြီး ရာသီဥတု ပြောင်းလဲကာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပျက်စီးယိုယွင်း လာပြီး သဘာဝဘေးဆိုးများ ကြုံတွေ့ရသဖြင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အခက်အခဲများကို ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂမှလည်း ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်ရန် မူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အသုံးပြုနေသော ရုပ်ကြွင်း လောင်စာများသည် မကြာမီ ကုန်ခမ်းတော့မည် ဖြစ်ရာ ယခုမှစ၍ အခြားလောင်စာများကို အမြန်ဆုံး စတင်အသုံးပြုရန်လိုကြောင်း၊ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှုကို အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးကွင်းဆက်များကို တားဆီးရန်အတွက် ကြိုးစားအားထုတ်လာကြရာတွင် လျှပ်စစ်သည် လက်တွေ့ အသုံးချရာတွင် အသင့်လျော်ဆုံးဖြစ်ကြောင်း၊ သို့ဖြစ်ရာ လျှပ်စစ်ကားများ၏ အခန်းကဏ္ဍသည် ရှေ့တန်းရောက်ရှိလာပြီး ကမ္ဘာတစ်ဝန်း လျှပ်စစ်ကား ထုတ်လုပ် သုံးစွဲမှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာနေကြောင်း၊ မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် လောင်စာဆီသုံး မော်တော်ယာဉ်များ၏ အချိုးအစားကို လျှော့ချပြီး လျှပ်စစ် စွမ်းအင်နှင့် တွဲဖက်မောင်းနှင်နိုင်သည့် Hybrid ယာဉ်များနှင့် လျှပ်စစ်ကားများကို စတင် အစားထိုး ထုတ်လုပ်လာကြကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန်၊ Carbon Emission Reduction ဆောင်ရွက်နိုင်ရေးအတွက် Electric Car များ တပ်ဆင်ထုတ်လုပ်ရန် လိုအပ်လာပြီ ဖြစ်သည့်အတွက် ဟန်ဂေရီနိုင်ငံ Csepel Holding Limited ၏ နည်းပညာဖြင့် Green Power Myanmar Co., Ltd နှင့်ပူးပေါင်း၍ လျှပ်စစ်ဘတ်စ်များ ထုတ်လုပ်ရန်နှင့် Charging Stations များ တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို လျှပ်စစ် ဘတ်စ်ကားများနှင့် ဆက်စပ်ပစ္စည်း အစိတ်အပိုင်းများကို အလွယ်တကူ ထုတ်လုပ်ပေးနိုင်ပြီး Export လုပ်နိုင်သည့် နိုင်ငံ အဖြစ်လည်းကောင်း၊ လျှပ်စစ်ဘတ်စ်ကားများ ထုတ်လုပ်မှုတွင် အရှေ့တောင် အာရှနိုင်ငံများ၏ အချက်အချာနိုင်ငံ (Hub for Electric Vehicles) ဖြစ်သည် အထိ ရည်ရွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဘတ်စ်ကားများ ကို ဟန်ဂေရီနိုင်ငံ နှင့် ပူးပေါင်းထုတ်လုပ်ခြင်းဖြင့် ထုတ်လုပ်မှု နည်းပညာများအပြင် ပြုပြင်ထိန်းသိမ်းရေး ကဏ္ဍနှင့်ပတ်သက်သော နည်းပညာသစ်များ ရရှိနိုင်ခြင်း၊ နိုင်ငံတကာသို့ တင်ပို့ ရောင်းချနိုင်ပါကလည်း နိုင်ငံတော်၏ ဝင်ငွေတိုးတက် ရရှိခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းသစ်များရရှိစေခြင်း စသည့် ရေရှည်အကျိုး ဖြစ်ထွန်းနိုင် သော လုပ်ငန်းစီမံကိန်း တစ်ခုဖြစ်သည့်အတွက် အမြန်ဆုံး အကောင် အထည်ဖော်နိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
  
 
     ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဒေါ်တင့်တင့်လွင် က ကြိုဆို နုတ်ခွန်းဆက် အမှာစကား ပြောကြားပြီးGreen Power Myanmar Co., Ltd. မှ အမှုဆောင် ဒါရိုက်တာ ဦးတင်မောင်ကြင်နှင့် Csepel Holding Limited မှ ဒါရိုက်တာ Mr. Kalaichelvan တို့က မြန်မာနိုင်ငံတွင် လျှပ်စစ်ကားများ ထုတ်လုပ်ခြင်း နှင့် Charging Station များ တည်ဆောက်မည့် အစီအမံများကို Video Clip များဖြင့် ရှင်းလင်းပြသသည်။
     အစီအစဉ်အရ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန်နှင့် Green Power Myanmar Co., Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နီလာကြင်တို့သည် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ၊ Csepel Holding Limited မှ ဒါရိုက်တာ Mr. Kalaichelvan တို့၏ ရှေ့မှောက်၌ မြန်မာနိုင်ငံ တွင် လျှပ်စစ်ကား များ ထုတ်လုပ်ရန်နှင့် Charging Station များ တည်ဆောက်ရေးအတွက် ဆွေးနွေး သဘောတူညီမှုစာလွှာ(AoD)အား လက်မှတ် ရေးထိုးသည်။ဆက်လက်၍ Green Power Myanmar Co., Ltd.နှင့် Oriental Transportation Enterprise Co.,Ltd တို့သည် မြန်မာနိုင်ငံအတွက် Electric Bus (၃၀ဝ) စီး ထုတ်လုပ်ပေးသွင်းရေး ဆွေးနွေး သဘောတူညီမှုစာလွှာ (AoD) လက်မှတ်ရေးထိုးကြသည်။
     ဟန်ဂေရီနိုင်ငံ Csepel Holding Limited နှင့်အကျိုးတူဆောင်ရွက်လျက်ရှိသည့် Green Power Myanmar Co., Ltd. သည် သီရိလင်္ကာ၊ အိန္ဒိယ၊ စင်ကာပူနိုင်ငံများ သို့ မြန်မာနိုင်ငံမှ ထုတ်လုပ် တင်ပို့ရန် လျှပ်စစ် Bus အစီး(၇၀ဝ၀) တင်ပို့ရန် နှင့်မြန်မာနိုင်ငံ အဝေးပြေး ယာဉ်လိုင်းများ အတွက် အစီး(၃၀ဝ) ထုတ်လုပ်ပေးရန် စာချုပ်များ ချုပ်ဆိုပြီး ဖြစ်ကြောင်း၊ ဈေးနှုန်းမှာလည်း ပြည်တွင်း တပ်ဆင်ထုတ်လုပ်မှု အချိုး မြှင့်တင်နိုင်သည်နှင့်အမျှ ပိုမိုသက်သာလာမည်ဖြစ်ပြီး ယခု စတင် ထုတ်လုပ်ချိန်တွင်ပင် လောင်စာဆီဖိုး အထူးသက်သာ၍ (၃)နှစ်မှ (၅)နှစ် အတွင်း အရင်းကျေနိုင်ကြောင်း၊ အခိုးအငွေ့ လုံးဝ ထုတ်လွှတ်မှု မရှိခြင်း ၊ အင်ဂျင်သုံး ချောဆီလောင်စာဆီ မလိုအပ်၍ ထိန်းသိမ်းမှု စရိတ် သက်သာခြင်း၊ နောက်ဆုံးပေါ် ဘတ္ထရီများ သုံးထားပြီး (၁၀)နှစ် သက်တမ်း ရှိ၍ ပေါ့ပါးပြီးအကွာအဝေး (၃၀ဝ) ကီလိုမီတာနှင့်အထက် မောင်းနှင် နိုင်ခြင်း၊ Charging Station များလည်း ကြိုတင်ပြီးစီးအောင် အသင့် စီစဉ်ထားမည်ဖြစ်ခြင်း၊ သင့်တင့်သော ဈေးနှုန်း၊ခေတ်မီ ပြည့်စုံသော ဝန်ဆောင်မှု နှင့်လက်မှတ်ရောင်းစနစ်(e-ticket) စနစ်ဖြင့် ထည့်သွင်းထားခြင်းတို့ကြောင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍအသစ် အဖြစ် ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်းသိရှိရသည်။ စက်မှုဝန်ကြီးဌာန မှ မူဝါဒ၊ လုပ်ထုံး လုပ်နည်းများ နှင့်အညီ အမြန်ဆုံးတပ်ဆင် ထုတ်လုပ်သွားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းဖြစ်သည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဟန်ဂေရီနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်၊ ဟန်ဂေရီ အင်ဂျင်နီယာများ နှင့် တာဝန်ရှိသူတို့သည် သာဂရ စက်မှုနယ်မြေရှိ အမှတ်(၁၄)အကြီးစားစက်ရုံ နှင့် အမှတ်(၁၅)အကြီးစားစက်ရုံ တို့တွင် လျှပ်စစ်ကား များ ထုတ်လုပ်မည့် အလုပ်ရုံများ၊ လောင်စာ(၂)မျိုးသုံး အင်ဂျင် များ အဖြစ် ပြောင်းလဲထုတ်လုပ်မည့် အလုပ်ရုံနှင့် အမှတ်(၂၆)အကြီးစားစက်ရုံ တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ဆုံး စတင်ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
  
  

Latest News