ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို Myanmar Snakebite Project အောင်မြင်စွာပြီးစီးခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြော

By: 

နေပြည်တော်၊ အောက်တိုဘာ (၁၅)
     စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် Grand Amara Hotel တွင် ဩစတြေးလျနိုင်ငံ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့သော Myanmar Snakebite Project အောင်မြင်စွာပြီးစီးခြင်းနှင့် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
      အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ Myanmar Snakebite Project (၂၀၁၄-၂၀၁၈) အကောင်အထည်ဖော်ဆောင်ရွက်ရေး အကူအညီပေးခဲ့သော ဩစတြေးလျ နိုင်ငံအစိုးရနှင့် စီမံကိန်းတစ်လျှောက်လုံး နည်းပညာအထောက်အပံ့များ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် Adelaide တက္ကသိုလ်မှ ပညာရှင်များ၊ မြန်မာနိုင်ငံ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခု စီမံကိန်းဆောင်ရွက်ခဲ့ခြင်းကြောင့် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုတွင်သာမက ကုသရေးတွင်လည်း များစွာ တိုးတက်လာပါကြောင်း၊ ယခင်က မြန်မာနိုင်ငံအနေဖြင့် မြွေဆိပ် ဖြေဆေးမဖူလုံမှုကြောင့် ပြည်ပမှ မှာယူတင်သွင်းခဲ့ရသော်လည်း ယခုအခါ ပြည်တွင်း၌ပင် ဖူလုံအောင်ထုတ်လုပ်နိုင်သည့်အပြင် အိမ်နီးချင်းနိုင်ငံများသို့ပင် ပြန်လည်တင်ပို့နိုင်သည်အထိ အောင်မြင်ခဲ့ပါကြောင်း၊ စီမံကိန်းပြီးဆုံးသွားသော်လည်း စီမံကိန်းရလဒ်များကို သေချာလေ့လာသုံးသပ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ယခု Workshop မှ ဆွေးနွေးအဖြေရှာပေးနိုင်မည် ဖြစ်ပါကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို သေချာစေမည့် Research & Development လုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားပါသည်။
     ဆက်လက်၍ ဩစတြေးလျနိုင်ငံသံရုံးမှ ပထမအတွင်းဝန် MS. Vanessa Hegarty မှ စီမံကိန်းအောင်မြင်စွာပြီးဆုံးရေးအတွက် (၄)နှစ်တာ ပူးပေါင်းပါဝင်ပေးခဲ့ သည့် တာဝန်ရှိသူများနှင့် ပညာရှင်များအား ကျေးဇူးတင်ပါကြောင်း၊ ယခုစီမံကိန်း ကြောင့် မြန်မာနိုင်ငံကျေးလက်ဒေသတွင် မြွေကိုက်ခံရခြင်းကြောင့် အသက်ဆုံးရှုံးမှုများ လျော့နည်းသွားသည်ကိုကြားသိရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ဩစတြေးလျ နိုင်ငံအနေဖြင့် မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုလုပ်ငန်းများအပြင် မြွေအန္တရာယ်ကာကွယ် ရေးနှင့် ကုသရေးလုပ်ငန်းများတွင်လည်း နည်းပညာဆိုင်ရာ အထောက်အပံ့များ ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား တည်ရှိပြီးသော ခိုင်မြဲသည့် မိတ်ဖက်ဆက်ဆံရေးကိုအခြေပြုပြီး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက မြင်း၏သွေးရည်ကြည်မှ မြွေဆိပ်ဖြေဆေးထုတ်လုပ်ပုံ လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် Myanmar Snakebite Project ရလဒ်အဖြစ် နှစ်အလိုက် မြွေဆိပ်ဖြေဆေးများ တိုးတက်ထုတ်လုပ်နိုင်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပါသည်။
      ယင်းနောက် Sustaining The Results of the Myanmar Snakebite Project အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် စီမံကိန်းတွင်ပူးပေါင်းပါဝင်ခဲ့ကြသည့် ပရော်ဖက်ဆာ David Alan Warrell မှ မြွေကိုက်သူကို ကုသရာတွင် ကိုက်သောမြွေသေကို လေ့လာရန်အရေးကြီးပုံ၊ Dr Afzal Mahmood မှ မြွေအန္တရာယ်ကာကွယ်ရေးနှင့် မြွေဆိပ်ဖြေဆေးများ ဖြန့်ဖြူး သိုလှောင် ထားရှိမှုအရေးကြီးပုံ၊ ပရော်ဖက်ဆာ Julian White မှ မြွေကိုက်ခံရသူများ ကုသရေး အတွက် သွင်းအားစုများအား ထိရောက်စွာစီမံခန့်ခွဲပုံနှင့် ဆေးခန်းမှတ်တမ်းများကို ထိရောက်စွာအသုံးချနိုင်ပုံတို့ကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။
     အခမ်းအနားသို့ စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်း အတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် မြန့်မာ့ဆေးဝါးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူ များ၊ သြစတြေးလျနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Ms. Vanessa Hegarty နှင့် စီမံကိန်းတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။
Myanmar Snakebite Project (၂၀၁၄-၂၀၁၈) စီမံကိန်းကာလအတွင်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုနှင့် အရည် အသွေးထိန်းသိမ်းမှုသင်တန်းများ စေလွှတ်သင်ကြားနိုင်ခဲ့ခြင်း၊ ဩစတြေးလျပညာရှင်များက မြန်မာနိုင်ငံသို့လာရောက်ပြီး မြင်းမွေးမြူခြင်း၊ မြင်းရောဂါရှာဖွေခြင်း၊ မြွေကိုင်တွယ်ထိန်းသိမ်းခြင်း၊ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ခြင်းနှင့် မြွေဆိပ်ဖြေဆေး အရည်အသွေး ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းများ နည်းပညာအထောက်အပံ့များ ပို့ချပေးခဲ့ခြင်းကြောင့် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရာတွင် အသုံးပြုရန် မွေးမြူထားသော မြင်းများသေဆုံးမှု လျော့နည်းလာပြီး မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုနှင့် အရည်အသွေး စစ်ဆေးမှုများကို GMP Guideline များနှင့်အညီ ဆောင်ရွက်လာနိုင်သည့် အပြင် အလွယ်တကူ သယ်ယူသိုလှောင်နိုင်သည့် အေးခဲခြောက် မြွေဆိပ်ဖြေဆေးများကို ပိုမို ထုတ်လုပ်နိုင်ခဲ့ခြင်းတို့ကြောင့် ကျေးလက်ဒေသအထိ အလွယ်တကူ ဖြန့်ဖြူးပေးကာ မြွေကိုက်ခံရ၍ အသက်ဆုံးရှုံးမှုကို သိသိသာသာ လျှော့ချနိုင်ခဲ့ကြောင်း သိရှိရပါသည်။
  

Latest News